၁၅. ၂. ၂၀၂၃
Written by Ye Kyaw
လျှပ်စစ်ကား (EV) အားသွင်းစက်ငါးစုံ ထပ်မံရောက်ရှိလာ၍ မြန်မာနိုင်ငံသို့ တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းစက် ၁၂ စုံအထိ ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW ငါးစုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး အဆိုပါ EV Charger များမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ပထမဦးဆုံးအကြိမ်အဖြစ် လျှပ်စစ်ကား (EV) အားသွင်းစက်ခုနစ်စုံသည် ဖေဖော်ဝါရီ ၇ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခုနစ်စုံကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ အမှတ် (၃) တိုးဂိတ်၊ ဖြူး ယာဥ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဥ်ရပ်နားစခန်းတို့တွင် Charging Station များ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လျှပ်စစ်ကားအရေအတွက် ၄၀ စီးကို ပထမဦးဆုံးအကြိမ် တင်သွင်းထားပြီး ယင်းအနက် လျှပ်စစ်ကား ၂၀ စီးအား ရန်ကုန်လေဆိပ်နှင့် နေပြည်တော် သပြေကုန်ဈေးတို့၌ အခြေပြု၍ တက္ကစီများပြေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။