၁၅. ၂. ၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၏ အခွန်အာဏာပိုင်များက နိုင်ငံအတွင်း နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များရှိ ဘီဘီစီသတင်းဌာန၏ ရုံးခွဲများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဝင်ရောက်စီးနင်းရှာဖွေမှုပြုခဲ့ကြကြောင်း သိရသည်။
ထိုဖြစ်ရပ်မှာ လွန်ခဲ့သော နှစ် ၂၀ ကျော်က ဖြစ်ပွားခဲ့သည့် လူသေမှုများဖြစ်ခဲ့ရသော အဓိကရုဏ်းများတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ အခန်းကဏ္ဍပါဝင်နေသည်ဟု အပြစ်တင်ပြောကြားသော ဘီဘီစီ၏ အသံလွှင့်ချက်တစ်ခုကို နိုင်ငံအတွင်းပိတ်ပင်ခဲ့ပြီးနောက် ရက်သတ္တပတ် အတန်အကြာတွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
ဘီဘီစီ၏ ရုပ်မြင်သံကြားသတင်းတွင် ဘီဘီစီရုံးများသို့ ပြင်ပလူများဝင်ထွက်သွားလာခြင်းကို အိန္ဒိယအစိုးရက ခွင့်မပြုတော့ကြောင်းလည်း ပါရှိသည်။ အိန္ဒိယအစိုးရက အဆိုပါ အသံလွှင့်ဇာတ်လမ်းအား နိုင်ငံအတွင်း YouTube နှင့် Twitter တို့တွင်ပါထုတ်လွှင့်ခွင့်မပြုဟု သိရသည်။ အဆိုပါဖြစ်ရပ်က နိုင်ငံအတွင်း အမြင်မတူသူများအကြား သဘောထားနှစ်ခြမ်းကွဲစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဝေဖန်ရေးသမားများက မီဒီယာလွတ်လပ်ခွင့်ကိုထိခိုက်စေသည်ဟု ဆိုကြသလို မိုဒီထောက်ခံသူများကလည်း ၎င်းအားကာကွယ်ပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။
ဘီဘီစီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ထိုကိစ္စနှင့်ပတ်သက်၍ ဘီဘီစီက အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြဿနာကို တတ်နိုင်သမျှ အကောင်းဆုံးဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းပြောခဲ့သည်။
ဘီဘီစီက ဇန်နဝါရီလအတွင်း လွှင့်ထုတ်ခဲ့သော အဆိုပါဇာတ်လမ်းကို “India: The Modi Question” ဟု အမည်ပေးထားကာ အပိုင်းနှစ်ပိုင်းပါရှိပြီး ၂၀၀၂ ခုနှစ်အတွင်း အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် ပြည်နယ်အတွင်း လူများစု ဟိန္ဒူဘာသာဝင်များနှင့် လူနည်းစုမွတ်ဆလင်ဘာသာဝင်များအကြား အဓိကရုဏ်းများဖြစ်ပွားခဲ့မှုအတွက် မိုဒီအား ဝေဖန်တိုက်ခိုက်ထားခြင်းလည်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ စာရင်းဇယားများအရ အဓိကရုဏ်းများတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၁,၀၀၀ ကျော်သေဆုံးခဲ့ကာ အနည်းဆုံး လူ ၂၂၀ ခန့်ပျောက်ဆုံးနေပြီး အများစုက မွတ်ဆလင်များဖြစ်ကြောင်း သိရသည်။
မိုဒီနှင့် ၎င်း၏ ဘာရာတီယာ ဂျာနာတာပါတီတို့ ၂၀၁၄ ခုနှစ်တွင် အာဏာရလာသောအခါ ဟိန္ဒူအမျိုးသားရေးဝါဒကိုကျင့်သုံးခဲ့သည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းက ဟိန္ဒူများဖြစ်ကြသည်။ မိုဒီကမူ အသံလွှင့်ဇာတ်လမ်းတွင်ဆိုသကဲ့သို့ ၎င်းအနေဖြင့် အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်ခဲ့ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး အိန္ဒိယတရားရုံးချုပ်က တာဝန်ပေးခဲ့သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်တွင်တွေ့ရှိမှုများအရ ၎င်းအားပြစ်တင်ပြောကြားရန် အထောက်အထားမတွေ့ရှိရဟုဆိုသည်။
ယခုကဲ့သို့ ဘီဘီစီသတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့မှုက အိန္ဒိယနိုင်ငံတွင် သတင်းဌာနများ၏သတင်းများ ပြင်ဆင်တည်းဖြတ်ဖြတ်တောက်မှုများ မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။
Ref—-bbc