၁၅. ၂. ၂၀၂၃
Written by Ye Kyaw
ကြက်သွန်နီဈေးမြင့်မားနေသည့် ဖိလစ်ပိုင်နိုင်ငံနှင့် အလားအလာရှိသည့် အခြားသောနိုင်ငံများသို့ မြန်မာ့ ကြက်သွန်နီများ အစိုးရချင်းချိတ်ဆက် တင်ပိုနိုင်ရေး ဆောင်ရွက်ပေးရန် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံများစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို တင်ပြခဲ့ခြင်းဖြစ်သည်။
“ကြက်သွန်နီ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနဲ့ ပြည်တွင်း ဈေးကွက် တည်ငြိမ်စေရေးတို့အတွက် ဆောင်ရွက်သင့်တဲ့ အစီအစဉ်များဆောင်ရွက်သွားပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိလျက်ရှိပြီး ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ် ရရှိစေရေးနှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကိုလည်း ထည့်သွင်းစဥ်းစားသွားမည်ဖြစ်ကြောင်း ချိန်ညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဇန်နဝါရီလကုန်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်မနီလာရှိ စူပါမားကတ်များတွင် ကြက်သွန်နီဈေးနှုန်း တစ်ကီလိုဂရမ်ကို ပီဆို ၈၀၀ (အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာခန့်) အထိ မြင့်တက်လာခဲ့ပြီး ကြက်သား၊ ဝက်သားထက် ပိုမိုဈေးကြီးမှုများဖြစ်ခဲ့ကာ ကြက်သွန်နီဝယ်လိုအားများ ပြည့်မီစေရန်နှင့် လက်လီဈေးကို ပီဆို ၂၀၀ အောက် ကျဆင်းစေရန် အစိုးရက ကြက်သွန်နီ တန်ချိန် ၂၁,၀၀၀ တင်သွင်းမှုကို ခွင့်ပြုခဲ့ရသည့်အပြင် သိုလှောင်ထားသည်ဟု သံသယရှိသည့် ကုန်သည်များကို နှိမ်နင်းရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။