၁၅. ၂. ၂၀၂၃
Written by Peya
မကြာမီကာလက နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ပထမဆုံး သစ်မျိုးစုံဥယျာဉ်တွင် ရှားပါးပြီး မျိုးသုဉ်းလုနီးပါး သစ်ပင်များနှင့် ရှားပါးသစ်ပင်များကို ဇုန်တစ်ခုအနေဖြင့် ထိန်းသိမ်းပြသသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောသည်။
အဆိုပါ ဥယျာဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနီးတွင် တည်ရှိခြင်းဖြစ်ပြီး မဲခေါင်ဒေသ၊ မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်း သရုပ်ပြစီမံကိန်း၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၆၄ ဧက ကျယ်ဝန်းသည့် အင်တိုင်းတောအမျိုးအစားကို အခြေခံထိန်းသိမ်းထားသည့် ဥယျာဉ်တစ်ခုဖြစ်သလို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဥယျာဉ်၏မုခ်ဦးကို ဖွင့်လှစ်ခဲ့သည်။
“ကျွန်မတို့ ဝန်ကြီးဌာနမှာကပဲ စမ်းသပ်စိုက်ခင်းပေါ့နော်။ စံပြစိုက်ခင်း ဒီလိုဟာမျိုးတွေပဲ ရှိနေခဲ့တာပါ။ သစ်မျိုးစုံ ဆိုပြီးတော့မှ ဇုန် ၈ ဇုန်ထဲမှာ ဝါးနဲ့ ပတ်သက်ပြီးပါ ပါလာမှာပါ။ ဒါက ပထမဆုံး ဖြစ်ပါလိမ့်မယ်။ သစ်မျိုးစုံ ဥယျာဉ်ကို အပန်းဖြေချင်တာပဲဖြစ်ဖြစ် လူတွေ ရောက်လာမယ်။ အဲဒီနားက တက္ကသိုလ်က ကျောင်းသားတွေ၊ နောက် မြန်မာနိုင်ငံမှာ တခြားတက္ကသိုလ်က ရုက္ခဗေဒကို လေ့လာနေတဲ့ ကျောင်းသားတွေ၊ ပညာရှင်တွေ၊ သုတေသီတွေ လာလေ့လာလို့ရမယ်။ ဒီအတွက် ကျွန်မတို့က ပညာပေးပြခန်းလည်း ဥယျာဉ်ထဲမှာ လုပ်ပါမယ်။ အခုကတော့ လုပ်နေတုန်းပေါ့နော်။ ရှင်းပြမယ်။ ဘာတွေဘာတွေ ရှိနေတယ် ဆိုတာကို TV Screen နဲ့ ပြမယ်။ ပြီးမှ လက်တွေ့သွားမှာပါ။ အခု ရုပ်လုံးပေါ်နေပါပြီ” ဟု ဒေါ်ဇင်မာထွန်းက ပြောသည်။
ထိုသို့ ပြသရာတွင် သစ်ခွနက်ကဲ့သို့ ဝေးလံခေါင်သီသော နေရာများက ရှားပါးသစ်ပင်များကို ရေငွေ့ထိန်းခန်းတွင် ထားရှိကာ ရာသီဥတု အတုသဘောမျိုး ဖန်တီးပြီး ပြသရန်အတွက် စီစဉ်ထားကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ရှားပါးပြီး မျိုးဆက်ပြတ်တော့မယ့် အပင်တွေကိုလည်း သီးခြားစုံအောင်လို့ စိုက်ပျိုးထားတယ်။ ဥပမာ ပိတောက်နက်တို့ သင်္ဃန်းတို့ပေါ့နော်။ နိုင်ငံတကာမှာလည်း မျိုးဆက်ပြတ်တော့မယ်လို့ ကြေညာထားတဲ့ အပင်တွေပေါ့။ ဒါတွေကိုလည်း ဇုန်တစ်ခုအနေနဲ့ ထားပါတယ်” ဟု ဒေါ်ဇင်မာထွန်းက ဆိုသည်။
အဆိုပါ ဥယျာဉ်အတွင်း ရှားပါးပြီး မျိုးဆက်ပျက်သုဉ်းနိုင်သည့် အပင်များအတွက် ဇုန်တစ်ဇုန်၊ စီးပွားဖြစ်သစ်ပင်များကို စိုက်ပျိုးထားသော ဇုန်တစ်ဇုန်၊ သစ်သီးကို စားပြီး သစ်သားအဖြစ်လည်း အပင်ကိုသုံး၍ရသည့် သစ်ပင်များအတွက် ဇုန်တစ်ဇုန် စသည်ဖြင့် ဇုန်ရှစ်ဇုန် ပါဝင်ကြောင်းလည်း သိရသည်။