၁၅. ၂. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်နေဒွေးကတော့ ဇာတ်ကားရိုက်ကူးမူအပိုင်းတွေနဲ့ ပတ်သက်ပြီး အရင်ကလို သမီးရည်းစားချစ်မယ့် ကြိုက်မယ့် ဇာတ်တွေဆိုရင် လက်လည်းလက်မခံချင်တော့ဘူး ရိုက်လည်း မရိုက်ချင်တော့ဘူးလို့ ပြောပါတယ်။
“အနုပညာအလုပ်တွေလုပ်ဖို့ စီစဥ်နေပါတယ်။ ကျွန်တော်က ပြောရရင် အသက်ကကြီးသွားပါပြီ။ အခုချိန်မှာ ကျွန်တော်သူငယ်ချင်းတွေက မွေးထားတဲ့သားတွေတောင် ခုဆို မင်းသားတွေဖြစ်နေကြပြီ။ ကိုယ်တွေက အရင်လို တက္ကသိုလ်ကျောင်းသားလိုလည်း မရိုက်ချင်တော့ဘူး။ အသက် ၃၅ ကျော်သွားလို့လား မသိဘူး။ စိတ်ကပါ ပြောင်းသွားတယ်။ ရိုက်ချင်တဲ့ ကာရိုက်တာလည်း ရွေးလာတယ်။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ငါမင်းသား ဖြစ်ရမယ်လည်း မဟုတ်တော့ဘူး။ Supporting ဆိုလည်း ရတယ်။ Hero ဆိုလည်း ဘယ်လိုမျိုးလဲ။ ဇာတ်တွေလည်း ရွေးလာတယ်။ ဇာတ်ကားပြန်ရိုက်ဖို့ဆိုရင် ဇာတ်ကိုသေချာပြန်ရွေးရိုက်ဖို့ ရှိပါတယ်”လို့ နေဒွေးကပြောပါတယ်။
သူကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ခုချိန်မှာ အသက်အရွယ်တစ်ခု ရောက်လာတဲ့အတွက် အလုပ်က လူကိုသင်သွားတယ်လို့ ဆိုပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ခေတ္တနားနေချိန် မိဘလုပ်ငန်းဖြစ်တဲ့ လင်းရောင်ခြည် ဆန်ပွဲရုံလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိ အသက် ၃၅ ကျော်လာပြီး အလုပ်တစ်ဖက်နဲ့ကြောင့် ပိုရင့်ကျက်မှုတွေ ရရှိလာပြီလို့ ဆိုပါတယ်။
“ကျွန်တော် အခုစီစဥ်နေတဲ့ဇာတ်ဆိုရင် သူငယ်ချင်းရဲ့ သမီးက မင်းသမီး။ နည်းနည်းနာမည်ရနေတဲ့ မင်းသားသစ်လေးပါတယ်။ ကျွန်တော်က မင်းသမီးရဲ့အဖေဖြစ်သွားမယ်။ ကျွန်တော်ရဲ့ သမီးကို အရမ်းချုပ်ခြယ်တဲ့ အဖေပေါ့။ ကျွန်တော်က ငယ်ငယ်ထဲက အိမ်ထောင်ကျခဲ့ပြီးတော့ သမီးလေးက ၁၅ နှစ်အရွယ်ပေါ့။ နောက်ထပ်မိန်းမ ထပ်မယူဘဲ ဒီကလေးလေးကိုပဲ အရမ်းပြုစုပျိုးထောင်ပေးတဲ့ဇာတ်ပေါ့။ အရင်ကလို သမီးရည်းစားချစ်မယ့် ကြိုက်မယ့် ဇာတ်တွေဆိုရင် လက်လည်းလက်မခံချင်တော့ဘူး။ ရိုက်လည်း မရိုက်ချင်တော့ဘူး။ တစ်နှစ်လုံးနေမှ ဇာတ်ကားတစ်ကား ရိုက်ချင်ရိုက်ရပါစေ။ ဒီကားက ပရိသတ်ကြိုက်မယ့်ဟာ ကိုယ့်ကာရိုက်တာနဲ့ မိတဲ့ဇာတ်ပဲ ရိုက်ချင်တော့တယ်။ အခုနောက်ပိုင်း အဓိပ္ပါယ်မရှိတဲ့ ဇာတ်တွေမရိုက်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်လာတယ်။ အခုအချိန်မှာ အဓိပ္ပါယ်ရှိမဲ့ ထိထိမိမိဇာတ်တွေပဲ ရိုက်ချင်တယ် ”လို့ သူကဆက်ပြောပါတယ်။