၁၅. ၂. ၂၀၂၃
Translated by Htwe Ko Tun
အီရတ်နိုင်ငံတောင်ပိုင်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၅,၀၀၀ နီးပါးက အရက်ပါရောင်းချသော စားသောက်ဆိုင်တစ်ခု၏ အပျက်အစီး၊ အပိုင်းအစများကို ရှေးဟောင်း သုတေသနပညာရှင်များက ပြန်လည်တူးဖော်တွေ့ရှိခဲ့ကြရာ ကမ္ဘာ့ပထမဆုံးရှေးဟောင်းမြို့ကြီးများတွင်နေထိုင်သော သာမန်ပြည်သူတို့၏ဘဝကို လေ့လာတွေ့ရှိနိုင်လိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ခဲ့ကြသည်။
အဆိုပါ ရှေးဟောင်းစားသောက်ဆိုင်ကို အမေရိကန်နှင့် အီတလီနိုင်ငံသားများပါဝင်သော ရှေးဟောင်းသုတေ သနပညာရှင်များအဖွဲ့က အီရတ်နိုင်ငံ၊ နာဆီရီယာမြို့၏ အရှေ့မြောက်ဘက်ရှိ ရှေးဟောင်း လာဂတ်ရှ်မြို့ အပျက်အစီး အကြွင်းအကျန်များအတွင်း ရှာဖွေမှုပြုရာမှ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆီလ်ဗေးနီးယားပြည်နယ်တက္ကသိုလ်နှင့် အီတလီနိုင်ငံ၊ ပီဆာပြည်နယ်တက္ကသိုလ်တို့မှ ပညာရှင်များပူးပေါင်းပါဝင်သည့် အဆိုပါအဖွဲ့က ရှေးကျလှသောအစားအစာများ ကြာရှည်ခံစေရန် ရေခဲရိုက်စနစ်၊ ကြီးမားလှသော မီးဖိုတစ်ခု၊ ညစာစားပွဲပြင်ဆင်ရန် ခုံတန်းများနှင့် တည်ခင်းဧည့်ခံရန် ဟင်းအိုး ၁၅၀ ခန့်တို့၏ အပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုဟင်းအိုးအပိုင်းအစများထဲတွင် ငါးနှင့် တိရစ္ဆာန်အရိုးများကို အာရှတိုက်အနောက်ပိုင်း၊ မက်ဆိုပိုတေးမီးယားဒေသ၏ မြို့ပြလူ့အဖွဲ့အစည်းဖြစ်သော ဆူမီရီယန်းတို့အကြား ကျယ်ပြန့်စွာတွေ့ရသော ဘီယာသောက်သုံးမှု အထောက်အထားများနှင့်အတူ တွေ့ရှိခဲ့ကြရသည်။ ထိုရှေးဟောင်းသုတေသနလေ့လာမှုစီမံကိန်း ညွှန်ကြားရေးမှူး ဟိုလီပစ်မန်က ” ဆူမီးရီယန်းလူ့အဖွဲ့အစည်းတွေထဲမှာ ဘီယာသောက်သုံးမှုက ရေသောက်သုံးမှုထက်တောင် ပိုပြီးတွေ့ရလေ့ရှိတယ်။ ဒါကြောင့် ကျွန်မတို့က ဒီနေရာကို အရက်ပါရောင်းတဲ့စားသောက်ဆိုင်တစ်ခုဖြစ်မယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ပထမဆုံးသော လူသားတို့၏မြိုကြီးများက ယခုအခါ အီရတ်နိုင်ငံတောင်ပိုင်းဟုဆိုရမည့်ဒေသတွင် ပေါ်ပေါက်တည်ရှိခဲ့ကြသည်။ ရှေးဟောင်းလာဂတ်ရှ်မြို့ တည်နေရာက တီးဂရီးစ်နှင့် ယူဖရေးတီးစ် မြစ်များပေါင်းဆုံရာနေရာအနီးတွင်ရှိကာ မြေဆီသြဇာကောင်းမွန်မှုကြောင့် ထိုဒေသအတွင်း ဆူမီရီယန်းလူ့အဖွဲ့အစည်း၏ မြို့ကြီးများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့်လည်း လာဂတ်ရ်ဒေသကို ‘နတ်ဘုရားများ၏ ဥယျာဉ်’ ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ မြို့နေပြည်သူများက စိုက်ပျိုးရေး၊ တိရိစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြသည့်အပြင် ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ်ကို ကျင့်သုံးကြကြောင်းသိရသည်။
Ref-AFP