October 23, 2024

◾️NUG၊ CRPH နှင့် PDF များက စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှိဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရ

၁၅. ၂. ၂၀၂၃
Written by Nay Moe

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF များသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိ နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေအရ တားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုခြင်းကိုလည်း ပြုလုပ်လျက်ရှိကြောင်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ သိရှိရသည်။

၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၂၇ တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများပိတ်ထားရခြင်းကို ရှုတ်ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော “လက်နက်ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရန်လမ်းညွှန်ချက်များ” တွင်လည်း ပညာရေးနှင့် သက်ဆိုင်သော နေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထားသကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေးဝန်ထမ်းများကိုလည်း ဖိအားပေးအကြပ်ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများအား မပြုလုပ်ရန် တားမြစ်ထားသည်။

သို့သော် NUG၊ CRPH၊ PDF အဖွဲ့များနှင့် သောင်းကျန်းသူအဖွဲ့အစည်းများသည် အစိုးရဆန့်ကျင်ရေးကို အကြောင်းပြ၍ စာသင်ကျောင်းများအား အတင်းအဓမ္မပိတ်ခိုင်းပြီး စစ်စခန်းများအဖြစ် အသုံးပြုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက (မိုးတားလေး) စာသင်ကျောင်းအတွင်း၌ KIA အဖွဲ့နှင့် PDF အဖွဲ့များက တပ်မတော်စစ်ကြောင်းများအားတိုက်ခိုက်ရန် စာသင်ကျောင်းဝန်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိရပြီး KIA အဖွဲ့နှင့် PDF အဖွဲ့များသည် ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး စာသင်ကျောင်းများအား စစ်စခန်းများအဖြစ် အသုံးချလျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို စစ်စခန်းအနေနဲ့ KIA နဲ့ PDF အဖွဲ့က ဘန်ကာတွေ လာလုပ်သွားတာပါ။ စစ်စခန်းလုပ်ပြီး ဒီမှာလည်း သူတို့ရံဖန်ရံခါနေပါတယ်။ သူတို့အင်အားကတော့ တစ်ခေါက်လာရင် အနည်းဆုံးအင်အား ၅၀ နဲ့ ၁၀၀ ကြားလာပါတယ်။ သဲအိတ်တွေကိုတော့ ပြီးခဲ့တဲ့ ၁၂ လပိုင်းလောက်က ကျွန်တော်တို့ရွာကိုလာပြီး သူတို့ စစ်စခန်းချတဲ့အချိန်မှာ အကာအကွယ်အနေနဲ့ သူတို့လုပ်သွားတာပါ။ ကျွန်တော်တို့ ရွာကိုလာရင် သူတို့တွေ ဒီစာသင်ကျောင်းမှာပဲ စတည်းချပြီးနေတာများပါတယ်။ ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လုပ်၊ ခုတုံးလုပ်ပြီးနေတယ်လို့ပဲ ကျွန်တော်တိုကတော့ အဲဒီလိုပဲထင်တယ်ဗျ။ စာသင်ကျောင်းတစ်ဝန်းလုံး အကာအကွယ်တွေ ဘန်ကာတွေဆောက်ထားတာ ရွာသားတွေကိုခေါပြီး အတင်းအဓမ္မခိုင်းပြီးမှ လုပ်ခိုင်းတာပါ။ များသောအားဖြင့် ဒီကောင်တွေ ဒဏ်ကိုခံရတာကတော့ ထမင်းတွေ ချက်ကျွေးရတယ်။ တစ်အိမ်ကို ထမင်းသုံးနပ်။ ရံဖန်ရံခါဆိုရင် ဆက်ကြေးအနေနဲ့ ပိုက်ဆံ ကောက်ခံတာတွေ လည်းရှိတယ်။ ကျွန်တော်တို့ ကျေးရွာသားတွေအနေနဲ့ကတော့ KIA/PDF တွေလာတာကို လုံးဝမနှစ်သက်ပါဘူး။ ကျေးရွာကလည်း ဒီကောင်တွေ ဒဏ်ခံရတာ အမြဲတမ်း လစဉ်လိုလို ဖြစ်နေတော့ ဒီအဖွဲ့အစည်းကို လုံးဝလက်မခံပါဘူး”ဟု မိုးတားလေးကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုးတားလေး ကျေးရွာ၏ စာသင်ကျောင်းအတွင်းရှိ KIA နှင့် PDF များ ဆောက်လုပ်ထားသော စစ်စခန်းများအား ရွာသူရွာသားများနှင့် အတူတကွ ပြန်လည် ဖျက်ဆီးခဲ့ပြီး ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းအပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) တွင် ဖော်ပြထားသော ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ အစိုးရများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင်ကျောင်းများအား အသုံးပြုခြင်းကို ထိထိရောက်ရောက်တားဆီးပေးရန် တိုက်တွန်းချက်အရ ပညာရေးကဏ္ဍအား အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများအား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ KIA အဖွဲ့နှင့် NUG၊ CRPH၊ PDF အဖွဲ့များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို ဖျက်ဆီးပြီး ၎င်းတို့၏ လက်နက်ကိုင်တိုက်ခိုက်မှုအတွက် စာသင်ကျောင်းများအား စစ်စခန်းများသဖွယ် အကာအကွယ်ယူ အသုံးချတိုက်ခိုက်နေမှုများအား နိုင်ငံတကာက သိရှိနိုင်ရန် အသိပေး သတင်းထုတ်ပြန်သည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *