October 23, 2024

၁၅. ၂. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံရှိ ဒူးရင်းခြံထဲရှိအိမ်တစ်လုံးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အသတ်ခံရသည့်အတွက် သေဆုံးသွားခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Chumphon ပြည်နယ် Mueang ဒေသ Ban Nai Nguam မြို့၏ ရွာအမှတ် ၈ ရှိ ဒူရင်းသီးခြံထဲတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၂ ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း Muang Chumphon ရဲစခန်းမှတာဝန်ရှိသူများကပြောသည်။

ထိုင်းရဲမှူးကြီး Thewet Pluemsut က Petchkasemလမ်းမှ ၁၅ ကီလိုမီတာအကွာရှိ တောင်ကုန်းများအနီး ဒူးရင်းခြံထဲရှိ အလုပ်သမားအိမ်တွင် မြန်မာနိုင်ငံသား နှစ်ဦးကို သွေးအိုင်ထဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ကို ချွန်ထက်သောအရာဖြင့် ဝမ်းဗိုက်ကို ထိုးသွင်းသတ်ဖြတ်ခြင်းအပြင် ကျောကုန်းနှင့်လည်ပင်းတွင် ချွန်ထက်သောအရာဖြင့် ထိုးခုတ်ထားခံရခြင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ သေဆုံးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦး၏ ရုပ်အလောင်းနားတွင် ပိုက်ဆံအိတ်များကိုတွေ့ရှိခဲ့သလို အရှည် ၂၀ စင်တီမီတာရှိဓားနှင့် ဒူးရင်းသီးခြံသုံး အရှည် ၃ မီတာရှိ ဓားများကိုလည်းတွေ့ရှိခဲ့ကြောင်း၊ အိမ်ထဲရှိ ပစ္စည်းများပျောက်ဆုံးမှု မရှိကြောင်းရဲမှူးကြီး Thewet Pluemsut ကပြောသည်။

သေဆုံးသူနှစ်ဦးသည် အသက် ၄၈ နှစ်အရွယ်ရှိ Mr. Mure Mao ဆိုသူနှင့် အသက် ၅၈ နှစ်အရွယ်ရှိ Mr Mao Kin တို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် လူသတ်မှုဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး ဒူးရင်းသီးခြံရှင်အပြင် အနီးနားပတ်ဝန်းတွင်နေထိုင်သူများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

ဒူးရင်းသီးခြံရှင်ဖြစ်သော Duangphon Wien Sao က ခြံထဲရှိအလုပ်သမားတစ်ဦးလာရောက် သတင်းပေးသည့်အတွက် ဒူးရင်းသီးခြံထဲရှိ မြန်မာနိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းကိုသိရှိခဲ့ကြောင်း ထွက်ဆိုထားသည်။ ခြံပတ်ဝန်းကျင်တွင် နေထိုင်သူများကလည်း အဆိုပါလူသတ်မှုကို မြန်မာရွှေ့ပြောင်းအလုပ်သမားအချင်းချင်းလုပ်ဆောင်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံသားများက လုပ်ဆောင်ခြင်း ဆိုသည့်အချက်ကို မသိကြောင်း ပြောဆိုထားသည်။ အဆိုပါလူသတ်မှုသည် အငြင်းပွားမှုဖြစ်ပွားရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း၊ လူသတ်မှုကျူးလွန်ရာတွင်အနည်းဆုံး ၂ ဦး ပါဝင်ပတ်သက်မည်ဖြစ်ကြောင်း Muang Chumphon ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်း ရဲတပ်ဖွဲ့သည် လူသတ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပြီး မျက်မြင် သက်သေများစုဆောင်းခြင်းနှင့် ပတ်ဝန်းကျင်ရှိ CCTV ကင်မရာများကို စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ref -MGR online

Leave a Reply

Your email address will not be published. Required fields are marked *