MT News
Written by Nay Aung
ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆာမွတ်ပရာကန်ပြည်နယ် သီပါရက်ခ်လမ်းမပေါ်တွင်ကားတိုက်ခံရမှုဖြစ်ပွားခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံ Bangkaew ရဲစခန်းသည် ကားတိုက်မှုဖြစ်ပွားသည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုခင်မောင်ထွေးဆိုသူသည် လမ်းဖြတ်ကူးချိန်တွင် တက္ကစီနှင့် တိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကိုခင်မောင်ထွေးသည် လမ်းဖြတ်ကူးချိန်တွင် ကားလာနေသည်ကို သိရှိပုံမပေါ်ကြောင်း၊ တက္ကစီကားကလည်း ကားကိုအရှိန်ဖြင့်မောင်းနှင်လာခြင်းဖြစ်ရာဘရိတ် မနင်းသည့်အတွက် အရှိန်ဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ မျက်မြင်တွေ့ရှိသူများက ကိုခင်မောင်ထွေးသည် ကာရာအိုကေဆိုင်တွင်အရက်သောက်ပြီးနောက် အိမ်ပြန်ရန်အတွက် လမ်းကို ဖြတ်ကူးချိန်တွင် တက္ကစီနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး အရှိန်ဖြင့်တိုက်မိသောကြောင့် အကွာအဝေး ၁၀ မီတာနီးပါးအထိ လွင့်ထွက်သွားခဲ့ကြောင်း ပြောသည်။
ကားတိုက်ခံရမှုကြောင့် ကိုခင်မောင်ထွေးသည် နံရိုးများကျိုးခဲ့သလို လည်ပင်းအရိုးလည်းကျိူးကာ လမ်းပေါ်တွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ဘန်ကောက်မြို့တွင် မှတ်ပုံတင်ထားသော ကားနံပတ် ၆၆၇၉ တက္ကစီကိုမောင်းလာသူသည် အသက် ၆၂နှစ်အရွယ်ရှိ Chaiyaphum ဒေသတွင်နေထိုင်သော ဆူရီယာဆိုသူဖြစ်ကြောင်း ကားတိုက်မှုကြောင့် ကားရှေ့ခန်းထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ကားတိုက်မှုဖြစ်ပွားချိန်တွင် လမ်းသည်မှောင်မိုက်နေခြင်းကြောင့် မြင်ကွင်းကို သဲကွဲစွာမမြင်ရခြင်းကြောင့်တိုက်မိခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ကားမောင်းသမားဖြစ်သူ ဆူရီယာက ၎င်းသည် HomePro ကုမ္မဏီမှ ဝန်ထမ်းများကို Theparak လမ်းမနားရှိ Paknam ဈေးတွင်ချပေးရန် ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ဦးတည်ရာနေရာကို အမြန်ရောက်ရှိနိုင်ရန် အရှိန်မြှင့်မောင်းနှင်လာချိန်တွင် မြန်မာနိုင်ငံသားကရုတ်တရက်လမ်းဖြတ်ကူးခဲ့ရာမှ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားဘရိတ် နင်းနိုင်ခြင်းလည်းမရှိခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
ref – thairath