October 23, 2024

၁၄. ၂. ၂၀၂၃
Written by Min Mahar

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းအား ဗိုလ်တထောင်ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပ‌ဒေပုဒ်မ ၅၂(ခ)ဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်က ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်ခံခဲ့ရကြောင်း ရှေ့နေများအသိုင်းအဝိုင်းက သိရသည်။

၎င်းအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ယခုချမှတ်ခံရသော ပုဒ်မနှင့်ပါဆိုလျှင်ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်ခံထားရသည်။

ထိုကဲ့သို့အမိန့်ချမှတ်ခံရပြီးနောက် ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ဒီမိုကရေစီရေးကာကွယ်လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားဖမ်းဆီးအမှုဆင်ထောင်ချခြင်းဖြစ်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ယင်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၌ဖမ်းဆီးခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက NUG ဩဇာခံ STA PDF အဖွဲ့က အင်းစိန်ထောင်ဖောက်ခွဲတိုက်ခိုက်မှုတွင်လည်း ကိုလင်းထက်နိုင်အား ထောင်ဝင်စာ လာရောက်ပို့ဆောင်သည့် မိခင်ဖြစ်သူ ဒေါ်မေမေကြည် (ခ) ဒေါ်ကြီးမြင့် ထိခိုက်သေဆုံးခဲ့ရသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဒုတိယဥက္ကဋ္ဌ၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အဖွဲ့ဝင်ဖြစ်သူ ကိုဟိန်းထက်(ခ)ကိုပိုပိုအား စစ်တရားရုံးမှ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တကျွန်း အမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *