October 23, 2024

၁၄. ၂. ၂၀၂၃
Photo- Nyein Kyaw

၃ ရာစုနှစ်မှာ ရောမဘုရင် ကလောဒီးယပ်စ်-၂ ဟာ သူ့အတွက် စစ်သည်စုဆောင်းရာမှာ အိမ်ထောင်ပြုထားတဲ့ လူငယ်တွေက ငြင်းဆန်မှာစိုးရိမ်တာကြောင့် လူငယ်တွေအိမ်ထောင်ပြုတာကို တားမြစ်ခဲ့ပေမဲ့ စိန့်ဗယ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးက လူငယ်စုံတွဲတွေလက်ထက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကလောဒီးယက်စ်က သူ့ကိုညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး ချစ်သူစုံတွဲတွေအတူနေရဖို့အတွက် အသက်စွန့်သွားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ ချစ်သူများနေ့ဟာ မြန်မာနိုင်ငံမှာ ရေပန်းစားတဲ့ကာလရှိပေမဲ့ ဒီနေ့ခေတ်မြန်မာနိုင်ငံမှာတော့ ပုံစံအနည်းငယ်ပြောင်းလဲသွားပါတယ်။

ဒါဟာဘာကြောင့်လဲဆိုရင်တော့ အလှပုံတင်ရင်ဖြစ်ဖြစ်၊ ခရီးသွားရင်ဖြစ်ဖြစ်၊ လူငယ်သဘာဝပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် မနာလိုမရှုစိမ့်နဲ့ ဝိုင်းဝန်းဆဲဆိုကြတဲ့ လူတန်းစားတစ်ရပ်ဟာ မြန်မာနိုင်ငံမှာ အင်အားကောင်းကောင်းနဲ့ ထွန်းကားလာတာကြောင့်ပါ။

ကိုဗစ်မဖြစ်ခင် ၂၀၂၀ ပြည့်နှစ်ရှေ့ပိုင်းကလို လမ်းမအလယ်မှာ အရုပ်ကြီးတွေ ပန်းတွေနဲ့ လှည့်ပတ်သွားလာနေတာမျိုး ဆင်တူအင်္ကျီဝတ်ပြီး လူတွေဝေဖန်ခံရအောင် ချစ်သူနဲ့ပျော်တာမျိုးထက် ပုံမှန်နေ့စဥ်သွားလာနေတဲ့ပုံစံနဲ့ပဲ ချစ်သူများနေ့ကို ဆင်နွှဲနေကြတာ တွေ့ရပါတယ်။

တချို့ကလည်း အေးချမ်းတိတ်ဆိတ်တဲ့ နှစ်ကိုယ်တူပျော်မြူးရာနေရာရွေးချယ်ကြသလို ရွှေတိဂုံစေတီ၊ ပြည်သူ့ရင်ပြင်နဲ့ Happy World စတဲ့နေရာတွေမှာလည်း ချစ်သူစုံတွဲတွေရဲ့ ကြည်နူးမှုတွေ တွေ့မြင်ရပါတယ်။

လူတစ်စုရဲ့ အတ္တကြောင့် လွတ်လွတ်လပ်လပ်မပျော်ရဲရှာတဲ့ ချစ်သူစုံတွဲတွေကို ဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းသာမြင်ရင် ဘာပြောမလဲ တွေးမိပေမဲ့ မြန်မာနိုင်ငံစစ်ဖြစ်နေတဲ့ကာလမှာ မိန်းမယူပြီး ငါးနှစ်အတွင်း ကလေးလေးယောက်မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာမြင်ရင်တော့ “မင်းတို့လည်း တောထဲမှာ ယူနေကြတာပဲ။ သူများတွေ ပျော်တာလည်း ပျော်ကြပါစေ”လို့ ပြောမလား တွေးမိပါရဲ့။

Leave a Reply

Your email address will not be published. Required fields are marked *