◾️အင်အားပြင်းငလျင်ကြောင့် တူရကီနှင့်ဆီးရီးယားတွင်ဖေဖော်ဝါရီ ၁၃ ရက် နံနက်အထိ သေဆုံးသူစုစုပေါင်း ၃၆,၀၀၀ ကျော် ရှိလာ
၁၄. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ ကာရာမန်မာရာ့စ်မြိုရှိ Ebrar တိုက်တန်းလျားဝင်းအတွင်း တိုက်တာအဆောက်အအုံ အပျက်အစီးများကြားတွင် ငလျင်လှုပ်သည်မှစ၍ ၁၈၅ နာရီကြာ ပိတ်မိနေခဲ့သော Ayca Ceplin အမည်ရှိ ၁၀ နှစ်ရွယ်မိန်းကလေးငယ်တစ်ဦးကို ငလျင်လှုပ်အပြီး ခုနှစ်ရက်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နံနက်တွင် ကယ်ဆယ်ရေးအဖွဲက အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်းသိရပြီး ထိုမိန်းကလေးသည် ငလျင်ကြောင့်ပိတ်မိနေခဲ့သူများအနက် နောက်ဆုံးအသက်ရှင်လျက် ကယ်တင်နိုင်သူဖြစ်ဖွယ်ရှိကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက်နံနက်က တူရကီနိုင်ငံတောင်ပိုင်းတွင်လှုပ်ခတ်သွားခဲ့သော အင်အားပြင်းငလျင်ကြောင့် တူရကီနှင့်ဆီးရီးယား နှစ်နိုင်ငံပေါင်းသေဆုံးရသူအရေအတွက်မှာ ငလျင်လှုပ်၍ တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နံနက်တွင် အနည်းဆုံး ၃၆,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း နှစ်နိုင်ငံသတင်းထုတ်ပြန်ချက်များအရ သိရသည်။
တူရကီနိုင်ငံတွင် ငလျင်ကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေရသူ အနည်းဆုံး ၁၉,၃၀၀ ဦးရှိကြောင်းလည်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်နံနက်က သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတိုအနက် ၃,၆၃၆ ဦးမှာ အထူးကြပ်မတ်ဆောင်များတွင် တင်ထားရပြီး ၈,၈၅၁ ဦးကို ခွဲစိတ်မှုပြုကုသပေးခဲ့ပြီဖြစ်ကြောင်းသတင်းက ဖော်ပြခဲ့သည်။
တူရကီ မိသားစုနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာဝန်ကြီးဌာနကလည်း ငလျင်ကြောင့် နိုင်ငံအတွင်းမိဘများနှင့် တကွဲတပြားစီဖြစ်ခဲ့ရသော ကလေးငယ်အနည်းဆုံး ၁,၃၆၂ ဦးရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နံနက်က ပြောကြားခဲ့သည်။
Ref . cnn