၁၄. ၂. ၂၀၂၃
Written by Thettant
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် Work Permit သက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများကို မေ ၁၅ ရက်အထိ နေထိုင်ခွင့်ပြုမည်ဟု ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းသဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့အသိပေးသည်။
ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ဗန်ကောက်မှ တာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆွေးနွေးမှုကြောင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူများ (PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ) နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများကို မေ ၁၅ ရက်နေ့အထိ ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
ထို့ပြင် အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိရန် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်၍ လျှောက်ထားခြင်းနှင့် မေလ ၁၅ ရက်နေ့အထိ လျှောက်ထားနိုင်ခြင်း၊ သတ်မှတ်ချက်ပြည့်စုံသူများကို အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် သို့မဟုတ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ခွင့်ပြုပေးနိုင်ခြင်းနှင့် CI စခန်း ၄ ခု၏ သက်တမ်းအား မေ ၁၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးခြင်းများကို သဘောတူညီခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မြန်မာသံရုံး (ဗန်ကောက်မြို့)၊ ကောင်စစ် ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)တို့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထားသည်။