၁၄. ၂. ၂၀၂၃
Written by Naing Thuta
နေအိမ်အတွင်း၌ Battery Pump ဖြင့် တရားမဝင်ဖွင့်ထားသော စက်သုံးဆီဆိုင် မီးစတင်လောင်ကျွမ်းရာမှ နေအိမ် ၁၁ လုံးမီးလောင်ဆုံးရှုံးမှု ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ၊ ဆည်မြောင်းဘောင်ရှိ (၁)ထပ်နေအိမ်အတွင်း၌ ဘတ္ထရီပန့်ဖြင့် တရားမဝင်ဖွင့်ထားသော စက်သုံးဆီဆိုင်တွင် ဆီပန့်အတွင်းဆီထည့်ရာမှ သွပ်မိုး၊ ထရံကာမြေစိုက် ၁၀ ပေ ၁၅ ပေခန့်ရှိ နေအိမ်မှစတင်မီးလောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ် ၁၀ လုံး(မီးစတင်လောင်ကျွမ်းသည့်အိမ်အပါ ၁၁ လုံး) ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“သွပ်မိုး၊ ထရံကာမြေစိုက် ၁၀ ပေ ၁၅ ပေခန့်ရှိတဲ့ နေအိမ်အတွင်းမှာ ဘတ္ထရီပန့်နဲ့ တရားမဝင်ဖွင့်ထားတဲ့စက်သုံးဆီဆိုင်ကနေ ဆီထည့်ရာကနေ စလောင်ပြီးတော့ ပတ်ဝန်း ကျင်ကနေအိမ် ၁၁ လုံးကိုပါ မီးကူးစက်လောင်ကျွမ်းသွားတာပါ။ ဆီဆိုင်ပိုင်ရှင်အမျိုးသားကတော့ ထွက်ပြေးနေတယ်။ ရဲစခန်းမှာအမှုဖွင့်ပြီး လိုက်ဖမ်းနေပါတယ်”ဟု MT News ၏ စုံစမ်းမေးမြန်းမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးမင်းသန်းက ဖြေကြားသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးစီးပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၂ ဦးနှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ မီးသတ်ယာဥ် ၇ စီး၊ ရေသည်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၃၀ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုတွင် သွပ်မိုး၊ ထရံကာ၊ တစ်ထပ်အိမ်များ ၁၁ လုံး၊ ဆိုင်ကယ် ၂ စီး၊ ဘထ္ထရီ ဆီပန့်စက် ၂ လုံး၊ နေအိမ်များ ၏အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆမှုကြောင့် အုန်းချောနယ်မြေရဲစခန်းမှ တရားမဝင်စက်သုံးဆီရောင်းချခဲ့သည့် အမျိုးသား (ထွက်ပြေးနေဆဲ)အား ပနံပါတ် (၂၂ / ၂၀၂၃ )၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၂၈၅)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးတော့ တရားခံအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒုက္ခသည် အိမ်ထောင်စု ၁၀ စု၊ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၅၇ ဦးတိုသည် နီးစပ်ရာဆွေမျိုးများထံတွင် သွားရောက်နေထိုင်နေကြရကြောင်းလည်း သိရသည်။