October 22, 2024

MT News

Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းမဘေး ၊ ငါးပြေမကျေးရွာချောင်းအတွင်း၌ ဖေဖော်ဝါရီ ၁၂ရက်က စက်လှေတိမ်းမှောက်မှုဖြစ်ခဲ့၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ရက် ညနေတွင် အမျိုးသား ၆ ဦး ငါးပြေမချောင်းအတွင်း စက်လှေပတ်စီးရာမှ စက်လှေ အရှိန်လွန်တိမ်းမှောက်၍ ၂ ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူငယ်ချင်းတွေက ထမင်းစားဖို့ဖိတ်လို့ဆိုပြီး သွားကြတာ။ အပြန် စက်လှေပတ်စီးကြတာမှာ မှောက်တာ။ ၆ ယောက်မှာ ၂ ယောက်သေတယ်။ မနေ့ည ၇ နာရီကျော်လောက်မှာ ရုပ်အလောင်းတစ်ခုတွေ့တယ်။ ဒီမနက် ၁၀ နာရီခွဲကျော်လောက်မှာ နောက်ထပ် ရုပ်အလောင်းတစ်ခု ဆယ်ယူရရှိခဲ့တယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက MT News သို့ ဖေဖော်ဝါရီ ၁၃ရက်က ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၃ နှစ်အရွယ်ရှိ ဦးမျိုးမြင့်အောင်နှင့် အသက် ၃၇ နှစ်အရွယ်ရှိ ဦးကျော်ဇင်ဦးတို့ဖြစ်ပြီး သန်လျင်မြို့တွင်နေထိုင်၍ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများဖြစ်ကြကြောင်းနှင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို သန်လျင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *