October 21, 2024

ဆန်စျေးမြင့်တက်နေသဖြင့် ဆန်ချောအစား ဆန်ကြမ်းပြောင်းလဲစားသောက်နေရသဖြင့် ဆန်ကြမ်းစျေးပါ မြင့်တက်လာ

၁၄. ၂. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေ၍ လက်လီဈေးကွက်ကိုသာ အဓိကရောင်းချနေသဖြင့် ပြည်ပတင်ပို့မည့်ဆန်များပါ အဝင်နည်းကာ လက်သိပ်ထိုး ရောင်းဝယ်မှုများရှိနေသောကြောင့် အရောင်းအဝယ်မှန်ကန်မှုမရှိပါက အရေးယူနိုင်‌ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းလက်လီဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တက်နေသဖြင့် ပြည်ပသို့ တင်ပို့ဆန်နှင့်ဆန်ကွဲ အဓိကဝင်ရောက်သည့် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ လက်ရှိတွင် ဆန်ဝင်ရောက်မှုမရှိသလောက်နည်းပါးပြီး ဝင်ရောက်လာသည့် ဆန်များကိုလည်း လက်သိပ်ထိုးရောင်းဝယ်မှုများရှိနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ဆန်အဝင်အထွက်တော့ပါးတယ်။ ဈေးနှုန်းတွေကလည်း ပေါက်ဈေးအမှန်မသိရဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတယ်။ အစ်ကိုတို့ဆန်ကုန်စည်ဒိုင်က အဓိက Export Raw တွေကို ရောင်းတာ။ ဆန်တွေက လက်လီဈေးကွက်တွေကို သွားနေတဲ့အခါကျတော့ Export Raw တွေက Exporter တွေက ဈေးမလိုက်ဘူး။ ဈေးမလိုက်နိုင်လို့ ဆန်မပို့ဘူး။ အဲဒီတော့ ဆန်မရောက်။ ဆန်မရောက်တော့ ဈေးမသိ။ အဲဒီလိုတွေဖြစ်နေတာ။ ကားအစီးရေက ဆန်သိပ်မဝင်ဘူး။ ဝင်ကိုမဝင်တာ။ နည်းနည်းပါးပါးပဲဝင်တယ်။ သူတို့ဘာသာသူတို့ လက်ကုပ်ရောင်းတယ်။ ဈေးမသိလိုက်ရဘူး။ ဆန်ကွဲတွေပဲ အဝင်များတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက MT News သို့ ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသကော်မတီများ၊ ကုန်စည်ဒိုင်များ၊ ဗဟိုအလုပ်အမှုအဆောင်များ၊ Exporter ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုရက်ပိုင်းက ပြုလုပ်ခဲ့ပြီး ဆန်စျေးနှုန်းမြင့်တက်စေရန်လုပ်ဆောင်နေသူများကို ဖော်ထုတ်အရေးယူရန် ညှိနှိုင်းဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဆန်ဈေးကွက် တည်ငြိမ်မှုထိခိုက်စေရန် သတင်းအမှားများ၊ အစီအမံများလုပ်ဆောင်နေသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ရေး၊ အရောင်းအဝယ်များ မှန်ကန်စေရေး၊ စားသုံးသူများ အထူးသဖြင့် အခြေခံဝန်ထမ်းများနှင့် အလုပ်သမားမိသားစုများအတွက် စီမံဆောင်ရွက်ပေးနိုင်တို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ပြည်တွင်း ဆန်လက်လီဈေးကွက်တွင် ပြီးခဲ့သည့်လနှင့်နှိုင်းယှဥ်ပါက ပြည်တွင်းစားသုံးမှုများသည့် ဆန်ချောတစ်ပြည်ကို ကျပ် ၄၀၀ မှ ကျပ် ၅၀၀ ခန့်အထိ မြင့်တက်မှုများရှိပြီး ဆန်ချောမစားနိုင်တော့သည့်သူများ ဆန်ကြမ်းအမျိုးအစားများဘက်သို့ ပြောင်းလဲစားသုံးလာသည့်အတွက် ဆန်ကြမ်းဈေးနှုန်များလည်း လိုက်ပါမြင့်တက်လျက်ရှိကြောင်း သိရသည်။

“အခုက ဆန်တစ်အိတ် ကိုးသောင်းကျော်တယ်။ ပြီးခဲ့တဲ့လကဆို ရှစ်သောင်းပဲရှိတယ်။ ဈေးကတော့ အကြမ်းရော အချောရော အကုန်တက်တယ်။ ဆန်က တစ်ပြည်ကို ငါးထောင်အထိဖြစ်နေတယ်။ အခုက အမတို့ဆန်တွေက လေးထောင်ဖြစ်ပြီ အရင်က ၃၅၀၀၊ ၃၆၀၀ ပဲရှိတဲ့ဆန်တွေလေ ဒါက ပေါ်ဆန်းဆန်အသစ်ပေါ့” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခင်က ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပေါ်ဆန်းဆန်ရှယ် တစ်ပြည်ကို ကျပ် ၅၀၀၀ အထိမြင့်တက်မှုများရှိခဲ့ပြီး ပေါ်ဆန်းဆန်ရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထိမြင့်တက်မှုများ ရှိခဲ့သည်။

အခြားသော ဆန်ကြမ်းအမျိုးအစားများမှာလည်း အဟောင်းမရှိတော့ဘဲ အသစ်များသာဝင်ရောက်မှုရှိပြီး ယင်းအသစ်ဈေးများသည်ပင် ယခင်ဆန်ဟောင်းဈေးများထက် နှစ်ပတ်ကျော်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ အကြားမြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင်း (ဝါးတန်း)မှ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်တွင်းစားသုံးသည့် သာမန်ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ခန့်၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၇၆,၀၀၀ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ကျော်၊ ဧည့်မထ (သစ်) တစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ ခန့်၊ ရက် (၉၀)ဆန် တစ်အိတ်လျှင် ကျပ် ၆၁,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *