October 21, 2024

၁၃. ၂. ၂၀၂၃
Written by Phyo Wei

ရုရှားနဲ့ မြန်မာအကြား ဆက်နွှယ်မှုတွေ ပိုမိုကြီးထွားလာတာကို ပြသတဲ့ နျူကလီးယားသတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်ခဲ့သလို နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုမှာ  အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာ-ရုရှား လက်မှတ်ရေးထိုးလိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဟာ နျူကလီးလျှပ်စစ်သုံးစွဲနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ သေချာသထက် သေချာလာတဲ့အခြေအနေဖြစ်သလို အာဆီယံဟာလည်း သူတို့နိုင်ငံဘေးကမီးခဲဖြစ်နေတဲ့ မြန်မာနိုင်ငံကို ထိန်းကျောင်းဖို့ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးကိုပဲ နစကနဲ့ ထိတွေ့ခိုင်းရမလိုလို နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါပြောနေသလို မြန်မာနိုင်ငံမှာ အာဆီယံကိုယ်စားလှယ်ရုံးဖွင့်ရတော့မလိုလို အကျပ်ရိုက်နေတာကို မြင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်ဆိုတာ မရှိစေချင်ဘူးလို့ ပြောလာတဲ့ NUG အကြောင်း၊ လာမဲ့ PR ရွေးကောက်ပွဲမှာ Electronic Voting နဲ့ မဲပေးနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့ ပြည်သူတိုင်းလက်နက်ကိုင်ခွင့်ပြုတဲ့ အခြေအနေအကြောင်းတွေကို တင်ပြချင်ပါတယ်။

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်မရှိချင်တဲ့ NUG

နွေဦးတော်လှန်ရေးရဲ့ သုံးနှစ်ပြည့်မရှိဖို့ အားလုံးက ဝိုင်းဝန်းကြိုးစားပေးပါလို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောလာပြန်ပါတယ်။

ဒါဟာ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်မှာ SAC အစိုးရကို ရက်ပိုင်းလပိုင်းအတွင်း ဖြုတ်ချမယ်ဆိုပြီး မဖြစ်ခဲ့တာ ၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေးအောင်ပွဲနှစ်လို့ NUG က ထပ်မံပြင်ဆင်ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်က အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်လို့ ပြင်ဆင်ကြွေးကြော်ထားတဲ့ NUG ရဲ့ ၂၀၂၄ ခုနှစ်မှာ အားလုံးအမြစ်ဖြုတ်ပြမယ်လို့ ပြောင်းလဲကြွေးကြော်ဦးမဲ့ နိမိတ်ပြစကားထက် ပိုမယ်မထင်တဲ့အခြေအနေပါ။ ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်တို့ သတင်းစာရှင်းလင်းချိန်မှာ ၂၀၂၃ ခုနှစ်က အောင်ပွဲနှစ်ဖြစ်ဖို့သေချာလားမေးချိန်မှာ အာမခံချက်မပေးနိုင်ခဲ့ဘဲ ဝေဝေဝါးဝါးပဲ ဖြေဆိုခဲ့တာ တွေ့ရတာကြောင့်လည်း ၂၀၂၃ ခုနှစ်ဟာ အလစ်အငိုက်မိုင်းဆွဲတာ အကြိမ်ရေစိပ်နိုင်တာကလွဲရင် ထူးခြားမယ်မထင်ပါဘူး။

လက်ရှိအခြေအနေမှာ NUG ဟာ PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ရှိလာပြီး LPDF တွေကလည်း အဖွဲ့ ၃၀၀ နီးနီးဆိုပေမဲ့ တကယ်တမ်းက ရွာတွေ၊ တောတွေထဲမှာ ခြေကုပ်ယူထားရဆဲအဆင့်ပါ။ မြို့တစ်မြို့တက်သိမ်းလိုက်တာနဲ့ တစ်မြို့လုံးပျက်တဲ့အပြင် တပ်ကလည်း လာသိမ်းတဲ့ PDF တွေ မြို့ထဲက ပြန်မဆုတ်မချင်းတိုက်ပြီးမှ ထွက်ပြေးတဲ့ဒေသခံတွေ ပြန်ခေါ်ပြီး အေးချမ်းမှုပြန်တည်ဆောက်တာကိုလည်း ရှေ့မှာ သိမ်းခဲ့တဲ့ မြို့ပေါင်းများစွာမှာ မြင်ရပါတယ်။ မြို့သိမ်း PDF တွေ ခဏပဲ ဓာတ်ပုံရိုက်၊ ပြီးတာနဲ့ ပြန်ဆုတ်ပြေးကြရတဲ့ ဖြစ်စဉ်နဲ့ ဒီလိုမျိုးအခြေအနေတွေကြားထဲမှာ ၂၀၂၃ ခုနှစ်ဟာ အခုတောင် တစ်လကုန်လို့ ဒုတိယမြောက်လက လဝက်နင်းနေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ အစွန်အဖျားမြို့သေးသေးတောင် စနစ်တကျ ပိုင်ပိုင်နိုင်နိုင် သိမ်းထားနိုင်မှုမရှိဘဲ ၂၀၂၃ ခုနှစ်ကို အောင်နိုင်ရေးနှစ်ဆိုရင်တော့ ပြောနေတဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေကို အရေးပေါ်စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

Electronic Voting နဲ့ မဲပေးနိုင်ဖို့ကြိုးပမ်းနေတဲ့ UEC

မကြာခင်လပိုင်း ဒါမှမဟုတ် နစကရဲ့ တာဝန်ယူမှုအပြီး ကျင်းပဖွယ်ရှိတဲ့ PR ရွေးကောက်ပွဲအတွက် ပြည်သူတွေမဲပေးရာမှာ အဆင်ပြေချောမွေ့စေရေး Myanmar Electronic Voting Machine အောင်မြင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စမ်းသပ်လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်မှာ SAC အစိုးရကို တော်လှန်နေသူတွေဟာ ရွေးကောက်ပွဲပျက်စီးရေးမဟာဗျုဟာကို ချမှတ်ထားတာဖြစ်လို့ လာမဲ့ရွေးကောက်ပွဲမဲပေးသူတွေ၊ ဝင်ပြိုင်သူတွေဟာ NUG, PDF တွေ သတ်ဖြတ်ဖို့ မဲစာရင်းပေါက်ထားသူတွေဖြစ်လာမှာပါ။ ဒီ့အတွက် ​ဝင်ပြိုင်မဲ့အမတ်တွေ အသတ်ခံရတာကာကွယ်ဖို့ ဝင်ပြိုင်မဲ့ အမတ်နာမည်ကိုထုတ်ပြန်ပေးမှာမဟုတ်တဲ့ Closed List PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ပေးမှာဖြစ်သလို မဲရုံထဲအထိ မဲသွားပေးပြီး နောက်နေ့ကြမှအသတ်ခံရမှာကို စိုးရိမ်နေရသူတွေကလည်း အိမ်ထဲ၊ အလုပ်ထဲ၊ ရုံးထဲကနေ ထိုင်ရာမထ Online၊ Offline ကနေ မဲပေးနိုင်မှသာ မဲပေးကြမဲ့အခြေအနေပါ။ ဒီအခြေအနေမှသာ SAC အစိုးရကြွေးကြော်ပြနေတဲ့ အကြားအလပ်မရှိရွေးကောက်ပွဲဟာ အောင်မြင်ပါလိမ့်မယ်။ ဒါကြောင့် MEVM ဟာ SAC အစိုးရအဖွဲ့အမြဲပြောနေတဲ့ အကြားအလပ်မရှိ ရွေးကောက်ပွဲအတွက် အထူး ခြေလှမ်းလို့လည်း ပြောရမှာဖြစ်တဲ့အတွက် ဒီခြေလှမ်းအောင်မြင်ရေးနဲ့ ပြည်သူတွေ အသက်ဘေးလုံခြုံဖို့ MEVM စနစ်က ဟာကွက်မရှိပြည့်စုံဖို့တော့ လိုအပ်ပါလိမ့်မယ်။

သေချာတာကတော့ အိမ်ကနေ မဲရုံသွားပြီး စက္ကူပေါ်မှာ လက်ဗွေနှိပ်ခဲ့သလိုမျိုးပဲ မဲရုံကိုသွားပြီး Electronic Voting မဲခလုတ်မှာ နှိပ်ပြီး မဲပေးရမယ်ဆိုတာမျိုးကတော့ ပြည်သူ့အသက်ဘေးလုံခြုံမှုရှိမှာမဟုတ်လို့ မဲရုံကိုလာပြီး MEVM နဲ့ မဲပေးပါဆိုတာမျိုးထက် မဲပေးခွင့်ရှိသူပြည်သူတစ်ဦးချင်း ကိုယ်ပိုင် ID နဲ့ ထိုင်ရာမထ မဲပေးနိုင်ပါမယ်ဆိုတဲ့အဆင့်မျိုးအထိ ဖြစ်ဖို့တော့ UEC ကြိုးပမ်းရပါလိမ့်မယ်။

သတ်မှတ်အရည်အချင်းပြည့်မီသူ ပြည်သူတိုင်း သေနတ်ကိုင်ခွင့်ပြုတဲ့ SAC

အမေရိကန်လိုနိုင်ငံမျိုးမှာတောင်မှာ နေရာတိုင်း၊ ဒေသတိုင်း လက်နက်ကိုင်ခွင့်ပြုထားတာမဟုတ်သလို လက်နက်ကိုင်ခွင့်ပြုထားတဲ့ဒေသတွေမှာလည်း ရမ်းကားပစ်ခတ်မှုတွေကြောင့် သေဆုံးနေရသူတွေအများကြီးပါ။ မြန်မာနိုင်ငံမှာလည်း သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီသူတွေကို လိုင်စင်တွေ ပါမစ်တွေနဲ့ လက်နက်ကိုင်ခွင့်ပြုချိန်မှာ စိုးရိမ်ကြ၊ စိတ်ပူကြ မနှစ်မြို့ကြသူ အများကြီးပါ။

ဒါပေမဲ့ တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက်တိုးလာပြီး နေရာတိုင်းမှာ လက်နက်အားကိုးလုယက်သတ်ဖြတ်မှုတွေတိုးလာသလို SAC ကို တော်လှန်နေပါတယ်ဆိုတဲ့ NUG ကလည်း လူ ၂၅၀၀၀ လောက်ကို နှစ်နှစ်အတွင်း သတ်ဖြတ်ထားတယ်လို့ တရားဝင်ထုတ်ပြောလာချိန်၊ NUG သတ်ထားသူတွေမှာ ၅၅၀၀ လောက်က သာမန်ပြည်သူတွေပါလို့ နစက ပြောလာချိန်မှာတော့ ဒီလက်နက်ကိုင်က ပြည်သူ့ဘက်တော်သားပါလို့ နဖူးစာကပ်မထားတဲ့ လက်နက်ကိုင်သူတွေ ရမ်းကားနေတဲ့ခေတ်မှာ အေးချမ်းစွာနေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ လက်နက်ကိုင်လိုသူတွေ တရားဝင်ကိုင်ခွင့်ပြုတာဟာ ဖြစ်ထိုက်ပါတယ်။

လက်ရှိအချိန်မှာလည်း အကြမ်းဖက်လုယက်နေတဲ့ လက်နက်ကိုင်သောင်းကျန်းသူရန်ကြောက်တဲ့ ပြည်သူတွေဟာ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်နေတာဖြစ်လို့ ဒီလိုလူတွေကို တရားဝင်ခွင့်ပြုခြင်းဟာ အစိုးရအတွက်လည်း စိစစ်ဖို့ လွယ်ကူစေမှာပါ။

အထူးတလည်စိုးရိမ်စရာတစ်ခုကတော့ လက်နက်ကိုင်လိုတဲ့ပြည်သူကို လိုင်စင်တွေ ပါမစ်တွေ ထုတ်ပေးခွင့်ရသူတွေဟာ အဂတိမလိုက်စားဖို့နဲ့ လက်နက်ကိုင်ခွင့်ရသူတွေရဲ့ အချက်အလက်ကို မလိုအပ်ဘဲ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သတင်းမပေးဖို့ထိန်းချုပ်ရမဲ့အချက်ပါ။ ဒီလိုမျိုး လက်နက်ကိုင်ခွင့် လိုင်စင်ပါမစ်တွေ ထုတ်ပေးရတာကို အကြောင်းပြုပြီး ခွင်ရှာလာမှာကို မတားမြစ်နိုင်ရင်တော့၊ ထုတ်မပေးသင့်သူတွေကို ထုတ်ပေးနေရင်တော့ လက်နက်ကိုင်ခွင့်ပြုမှုကို စိုးရိမ်နေကြသူတွေ တွေးဆသလို လူမြင်ကွင်းမှာ လိုင်စင်သေနတ်ကိုင် ရမ်းကားပစ်ခတ်မှုတွေလည်း မြန်မာနိုင်ငံမှာ မြင်လာရနိုင်တာကို သတိချပ်ပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *