October 21, 2024

လူမှုကွန်ရက်တွင် ပျံနှံ့နေသော ညောင်လေးပင်ဘူတာရုံမိုင်းပေါက်ကွဲမှုဖြစ်စဥ်မှ ထိခိုက်သူများမြင်ကွင်း(Photo- Credit)

၁၃. ၂. ၂၀၂၃
Written By Myo Khine

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသောကြောင့် ရထားစီးရန်စောင့်ဆိုင်းနေသော ပြည်သူ ၅ ဦးသေဆုံးခဲ့ရသည့်အပြင် ဘူတာရုံပိုင်ကြီးပါပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက သိရသည်။

ယနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ အဆိုပါ ဘူတာရုံရှေ့တည့်တည့် ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ၂ ဦးမှာ ပွဲချင်းပြီး သေဆုံး၍ ၃ ဦးမှာ ဆေးရုံ၌ ဆုံးပါးသွားကြောင်းနှင့် ဘူတာရုံပိုင်ကြီးအပြင် ပြင်းထန်ဒဏ်ရာရသူများစွာလည်း ရှိနေသေးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားတာဝန်ရှိသူက MT News သို့ ပြောသည်။

“ပလက်ဖောင်း အထက်မှာဖြစ်တာ။ ဘူတာနဲ့ကပ်နေတဲ့ ပလက်ဖောင်းပေါ်မှာ အမိုးမိုးထားတယ်။ အဲဒီ အမိုးတွေ ရဲ့ တိုင်အောက်ခြေကနေ မိုင်းက အပေါ်ကို မြောက်တက်ပြီး ကွဲသွားတာ။ အဲဒီပေါက်ကွဲတဲ့နေရာနားမှာက ဝန်ထမ်းအိမ်ရာရှိတယ်။ ရုံပိုင်က အဲဒီအိမ်ရာနားမှာ။ မိုင်းပေါက်လိုက်တော့ အစ စင်တာ။ ပါးက ဟိုဘက်ဒီဘက်ပေါက်ထွက်သွားတယ်။ ရင်ဘတ်မှာလည်းမိုင်းတစ်စ ထိတယ်။ဒဏ်ရာက များတယ်။ ရုံပိုင်အပါဆိုရင် ၈ ယောက်လောက် ဒဏ်ရာရတယ်”ဟု ယင်းကပြောသည်။

လက်ရှိတွင် နစက အနေဖြင့် အဆိုပါပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို မထုတ်ပြန်သေးသော်လည်း ဒေသခံများ ပြောပြချက်အရ အကြမ်းဖက်အဖွဲ့များ လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း MT News သို့ အတည်ပြုပြောဆိုသည်။

“သေသွားတာက မန္တလေးကို သွားဖို့ အမြန်ရထားစောင့်နေတဲ့ခရီးသည်တွေ သေတာ။ ဒဏ်ရာရသူတွေလည်း ရထားဝန်ထမ်းတစ်ယောက်ပဲ ပါတယ်။ ကျန်တာက ရထားစီးမယ့် ခရီးသည်တွေ။ ဒါက ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို ပြောပြစရာမလိုဘူး။ ကျွန်တော်ပြောတယ်ဆိုရင် ကျွန်တော့်ကို ငြိုးကြအုံးမယ်။ ကျွန်တော့်နာမည်ကို မသုံးပါနဲ့ခင်ဗျာ”ဟု ညောင်လေးပင် ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

ယခုအခါ ဒဏ်ရာ ရသူများအား ညောင်လေးပင်ဆေးရုံ၌ ဆေးကုမှုများ ပေးနေကြောင်း၊ ပြင်းထန်ဒဏ်ရာ ရသူများအား ခွဲစိတ်ကုသမှုများပြုလုပ်ရမည် ဖြစ်ကြောင်းလည်း သိရပြီး နစက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက လက်ရှိတွင် ညောင်လေးပင်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း MT News သို့ ပြောသည်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် Bago Region PDF က ယခုရက်ပိုင်းအတွင်း တံတားသုံးစင်းကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် တပ်မတော်က ထိုမြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးတင်းမာနေပြီး NUG ဩဇာခံ ညောင်လေးပင်ပကဖကလည်း ဇနီးမောင်နှံနှစ်ဦးကို တပ်သတင်းပေးဟုဆိုကာ ရှင်းလင်းခဲ့ပြီးနောက် ယနေ့တွင် ညောင်လေးပင်ဘူတာအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *