October 21, 2024

သတ်ဖြတ်ခံရသူ ကိုဘိုဘိုဟန်အား သယ်ဆောင်လာမှုမြင်ကွင်း

၁၃. ၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံတွင်နေထိုင်နေသည့် မြန်မာနိုင်ငံသားအလုပ်သမားပွဲစားတစ်ဦး အသတ်ခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံ ဆာမွတ်ပရာကန်ပြည်နယ် ဘန်ပူမြို့ရှိ အဆောက်အဦတစ်ခုတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ဘန်ပူမြို့ ရဲစခန်းမှ ရဲမှူး အန်နက် ချာရိုအန်ရက်ဦးဆောင်သော ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ Soi Bang Pu Nakhon အရပ်ရှိ ၅ ထပ်အဆောက်အဦ၏ ၂ လွှာရှိ အခန်းတစ်ခန်းတွင်အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို သွေးအိုင်ထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုဘိုဘိုဟန်သည် ရွှေ့ပြောင်းအလုပ်သမားများကို အိမ်နီးချင်းနိုင်ငံများရှိ စက်ရုံများသို့ ပို့ဆောင်ပေးသည့်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ကိုဘိုဘိုဟန်သည် အခန်းအလယ်တွင် မှောက်လျက် လဲကျသေဆုံးနေပြီး တီရှပ်ကို ဝတ်ဆင်ထားကြောင်း၊ သူ၏ လည်ပင်းတွင်လည်း အမျိုးသမီးဝတ်ဘရာစီယာနှင့် ချည်နှောင်ခံထားရသလို လက်နောက်ပြန်ပုံစံမျိုးဖြင့် အင်္ကျီနှင့် ချည်နှောင်ခံထားရသည့်အပြင် ကျောပြင်နှင့် ဝမ်းဗိုက်တို့တွင်လည်း ချွန်ထက်သောပစ္စည်းနှင့် ထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ သေဆုံးသူ၏အခန်းအတွင်း စစ် ဆေးရှာဖွေချိန်တွင် တန်ဖိုးကြီးပစ္စည်းများ၊ ရွှေငွေများ မတွေ့ရကြောင်း သိရသည်။

သေဆုံးသူမြန်မာနိုင်ငံသားသည် ရွှေ့ပြောင်းအလုပ်သမားများကို ပို့ဆောင်ပေးသောလုပ်ငန်းလုပ်ရာမှ ချမ်းသာလာသူဖြစ်ပြီး ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေဟန်းချိန်းများ ဝတ်ဆင်ရခြင်းကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။ သေဆုံးသူသည် အဆိုပါအခန်းတွင် ဇနီးသည်၊ ညီမဖြစ်သူတို့နှင့်အတူနေထိုင်သူဖြစ်ပြီး လူသတ်မှုဖြစ်ပွားချိန်တွင် ဇနီးသည်နှင့် ညီမဖြစ်သူတို့မရှိကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသား ဒေးဗစ်က ပြောသည်။

လူသတ်မှုဖြစ်ပွားချိန်တွင် ကိုဘိုဘိုဟန်၏ အခန်းအတွင်းမှ လူ ၃ဦးခန့် ထွက်ပြေးလာသည်ကိုတွေ့မြင်ရပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားများဖြစ်ဖွယ်ရှိကာ လူသတ်မှုနှင့် ဆက်နွယ်ခြင်းရှိ မရှိ ဆိုသောအချက်ကို အတိအကျမသိကြောင်း အဆိုပါအဆောက်အဦတွင်နေထိုင်သူများက ပြောသည်။ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ရာတွင် အနည်းဆုံး လူနှစ်ဦးနှင့်အထက် ပါဝင်ဖွယ်ရှိနေကြောင်း ယုံကြည်နေပြီး စုံစမ်းရှာဖွေမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ref – thairath

Leave a Reply

Your email address will not be published. Required fields are marked *