October 20, 2024

၁၃. ၂. ၂၀၂၃
Written By Thandar

အပျိုကြီးတစ်ယောက် ချစ်သူနဲ့တွေ့ပြီးနောက် သူမှသူဖြစ်ပြီး စျေးဗန်းဆက်မခင်းတော့ဘဲ စျေးဗန်းကြီးကို မှောက်ပစ်ပြီးသိမ်းသွားတဲ့“စျေးဗန်းသိမ်းပြီ” တေးသီချင်းသစ်ထွက်လာမယ်လို့ အဆိုတော်မိစန္ဒီက ပြောပါတယ်။

ဒီသီချင်းက သူမခင်ပွန်းအတွက် ရည်ရွယ်ပြီး ရေးစပ်ထားတဲ့သီချင်းဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီမှာ ပရိသတ်ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

“ဒီသီချင်းကို စရေးဖြစ်တုန်းက မိစန္ဒီရဲ့ အမျိုးသားကို Wedding Dinner မှာ Surprise လုပ်ပြီး ဆိုပြဖို့အတွက် ရည်ရွယ်ပြီးရေးဖြစ်ခဲ့တာပါ။ တကယ် Official ထွက်သင့် မထွက်သင့် နောက်မှ စဉ်းစားတော့မယ်ဆိုပြီး Wedding Dinner မှာလည်း ဒီသီချင်းဆိုပြီး သူ့ကို Surprise လုပ်တာလေးကို Video လေး ရိုက်ထားခဲ့ပါတယ်။ မိစန္ဒီရဲ့ သီချင်းတော်တော်များများက မိစန္ဒီ ကိုယ်တိုင်ရေးတယ်။ ရေးတဲ့ သီချင်းတိုင်းလိုလိုကလည်း သိပြီးသားပါ။ ဒီသီချင်းလေးကလည်း သူ့အတွက်ရေးထားတဲ့ သူနဲ့ ပတ်သတ်ပြီး ခံစားရတဲ့ Feeling လေးတွေ အကြောင်းကို ရေးထားတာပါ။ မိစန္ဒီတို့ Anniversary လေးလည်း သိပ်မကြာခင်ကပြီးသွားပြီ”လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။

ဒီသီချင်းက မိစန္ဒီ ရေးနေကျ တေးသီချင်းတွေထဲ စာသားအတိုဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး သူမရဲ့ Wedding Dinner အမှတ်တရ ပုံရိပ်တွေကို “စျေးဗန်းသိမ်းပြီ”သီချင်းဗီဒီယိုအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ တေးသီချင်းကို ဒီနေ့ ညနေ ၅ နာရီမှာ Mi Sandi YouTube Channel နဲ့ ည ၆ နာရီမှာ Mi Sandi Facebook စာမျက်နှာကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

“ချစ်သူများနေ့လည်း မကြာခင်ရောက်တော့မှာဆိုတော့ ဒီသီချင်းလေးကို ပရိသတ်တွေလည်း နားထောင်လို့ရအောင်၊ မိစန္ဒီ ဘဝအတွက် အရေးအကြီးဆုံး အမှတ်တရတွေထဲက တစ်ခုကို ပရိသတ်တွေလည်း မြင်တွေ့ရအောင် Release လုပ်ပေးချင်ပါတယ်။ ဒီသီချင်းလေးက ရိုးရိုးအချစ်သီချင်းလေးပါပဲ။ အပျိုကြီးတစ်ယောက် သူနဲ့တွေ့ပြီးတဲ့နောက် သူမှသူဖြစ်ပြီး စျေးဗန်းဆက်မခင်းတော့ဘဲ စျေးဗန်းကြီးကို မှောက်ပစ်ပြီး သိမ်းသွားတဲ့ အကြောင်းလေးပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *