October 20, 2024

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်အစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံကို တွေ့ရစဉ်။

◾️မြန်မာအစိုးရအာဏာပိုင်များ၏ ကူညီပံ့ပိုးမှုကို ချီးကျူးဂုဏ်ပြု

၁၃.၂.၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံသို့ လူကုန်ကူးဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး မြန်မာနိုင်ငံတွင်းသို့ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသော ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးမှာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ နီနွိင်းအကွီနိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးကို ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီး ဂျိုစ်ဒီဗီဂါ ခေါင်းဆောင်သော နိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့က လေဆိပ်တွင် ပြန်လည်ကြိုဆိုခဲ့သည်။ ဂျိုစ်ဒီဗီဂါက ဖိလစ်ပိုင်နိုင်ငံသားများ ဘေးကင်းစွာပြန်လည်ရောက်ရှိနိုင်ရေးအတွက် မြန်မာအစိုးရအာဏာပိုင်များ၏ ကူညီပံ့ပိုးမှုကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးအနက် လေးဦးမှာ အမျိုးသားများဖြစ်ကြပြီး ဒူဘိုင်းမှနေ၍ သုံးစွဲသူအထောက်အကူပြု ကိုယ်စား လှယ်များအဖြစ် ထိုင်းနိုင်ငံအတွင်းဆောင်ရွက်ရန်ဟုဆိုကာ အွန်လိုင်းမှ ခေါ်ယူစုဆောင်းခံခဲ့ရသည်။ သို့သော် ၎င်းတို့ကို Cryptocurrency ခေါ် ဒစ်ဂျစ်တယ်ဝှက်စာသုံးငွေကြေးအား အွန်လိုင်းပေါ်တွင်လဲလှယ် ဆောင်ရွက်သူများအဖြစ် လုပ်ကိုင်ရန် မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ကြရခြင်းဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လူကုန်ကူးမှုအကြံအစည်များကို ရှောင်ရှားနိုင်ရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ယုတ္တိကင်းမဲ့စွာခေါ်ယူသော အလုပ်အကိုင်အတုများကို သတိပြုကြရန် ဖိလစ်ပိုင်နိုင်ငံသားများအား ပြောကြားခဲ့သည်။ ၎င်းက ထုတ်ပြန်သောကြေညာချက်တွင် ပြည်ပအလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ရာ၌ ဥပဒေနှင့်ညီသောလုပ်ငန်းစဉ်များအတိုင်းဖြစ်ရန်လိုပြီး၊ ကမ္ဘာလှည့်ခရီးသွား ပြည်ဝင်ခွင့်ဗီဇာများနှင့်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများနှင့် သွားရောက်ကြရန်လိုကြောင်း ပြောခဲ့သည်။

အခြားလေးဦးမှာမူ အမျိုးသမီးများဖြစ်ကြပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသော ချစ်ကြည်ရေးတံတားမှာ သုံးနှစ်နီးပါးပိတ်ထားခဲ့ပြီးနောက် ဇန်နဝါရီလအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထိုင်းနှင့် မြန်မာနိုင်ငံသားများသာ ဖြတ်သန်းသွားလာခွင့်ရှိသေးသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်မှုလမ်းများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှသာ ဝင်ရောက်ရမည်ဟု ပြောခဲ့သည်။

Ref—–inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *