October 19, 2024

ဦးမြင့်အောင်၏မိသားစုဝင်များကို NUG ၏ PDF များက ကလေးပါမချန် သတ်ဖြတ်သွားသည်ဟု ရပ်ရွာက ဝေဖန်ခံနေရသည့် သေဆုံးသူအမျိုးသမီးနှင့် ကလေးငယ်များမြင်ကွင်း

၁၃. ၂. ၂၀၂၃
Written by Nay Moe

USDP ပါတီဝင်ဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်းဖြစ်သည့်အပြင် ပြည်သူ့စစ်ခေါင်းဆောင်ဟု ရပ်ရွာကသိရှိထားသူ၏ မိသားစုဝင် ခုနစ်ဦးဖြစ်သည့် အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူများအား ကလေးပါမကျန် ၇ လောင်းပြိုင်သတ်ဖြတ်သွားမှု ပုလောမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀ နာရီအချိန်ခန့်တွင် PDF ဟု ယူဆရသော လက်နက်ကိုင်၂၅ ဦးခန့်သည် တနင်္သါရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ အရှေ့ကုန်းရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမြင့်အောင်၏ နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ဦးမြင့်အောင် ရှိ မရှိ အော်ဟစ်မေးမြန်းကာ မတွေ့သဖြင့် ဦးမြင့်အောင်၏ မိသားစုများအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ မိသားစုဝင်(၇)ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထို PDF ဆိုသူများ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် ဦးမြင့်အောင်၏ မိသားစုဝင်များမှာ ဦးမြင့်အောင်၏ ဇနီး ဒေါ်ကြင်နွဲ့ (၆၁) နှစ်၊ သမီးဖြစ်သူ မသန်းသန်းမော် (၄၁) နှစ်နှင့် အရွယ်မရောက်သေးသော ကလေးငယ်များဖြစ်ပြီး ဦးမြင့်အောင်၏ မြေးတော်စပ်သည့် မောင်နေထက်သိန်း(၁၇) နှစ်၊ မောင်ဇေယျာအောင်(၁၆) နှစ်၊ မောင်စိုးမင်းပိုင်(၁၃) နှစ်၊ မမေဇင်ဖြူ (၉) နှစ်၊ မောင်သားသား(၁) နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

“အဓိက သူတို့သတ်ချင်တာက ဦးမြင့်အောင်။ သူ့ကို ပြည်သူ့စစ်ခေါင်းဆောင်လို့လည်း ရပ်ရွာကသိထားတာ။ သူက ပြည်သူ့စစ်၊ ရပ်ကျေးဥက္ကဋ္ဌအပြင် USDP ဥက္ကဋ္ဌလို့လည်း ပြောနေကြတော့ PDF တွေ ပစ်မှတ်ဖြစ်နေပြီး သူ့မတွေ့ရတဲ့အချိန်မှာ မိသားစုက ပစ်မှတ်ဖြစ်သွားတာပေါ့။ အရွယ်မရောက်သေးတဲ့ကလေးတွေကို သတ်တဲ့အထဲမှာ တစ်နှစ်သားကလေးတောင်မချန်တော့ အဲဒီနယ်မြေဘက်က PDF တွေလည်း အဝေဖန်ခံရတယ်။ ဒီတော့ သူတို့မလုပ်ကြောင်း စာထုတ်တယ်။ ရက်ရက်စက်စက်လုပ်ပြီး ဝေဖန်ခံရတော့မှ ငြင်းချက်ထုတ်တဲ့စာပေါ့။ ဒီဒေသမှာတော့ မိသားစုလိုက်သတ်ဖြတ်ခံရတာ ဒါပထမဆုံးပဲ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ နယ်မြေတွင် ကျင်လည်နေသည့် PDF များမှာ NUG ၏ ဩဇာခံ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း Palaw People Defence Force အဖွဲ့ဝင်များဖြစ်ကာ ဦးမြင့်အောင်၏ မိသားစုဝင်များအား Palaw PDF များက မသတ်ဖြတ်ကြောင်း ငြင်းဆိုစာတွင်လည်း ဦးမြင့်အောင်မှာ SAC ခန့် ရပ်ကျေးဥက္ကဋ္ဌဖြစ်ကြောင်း၊ USDP ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌဖြစ်ကြောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ကြောင်း စသည့်အချက်များကို ဖြုတ်ချခဲ့ပြီး ဦးမြင့်အောင်အား PDF များက ဒလန်ဟုသတ်မှတ်သည့်အချက်များ ချန်လှပ်၍ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ အချိန်နှစ်နှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးဥက္ကဋ္ဌများ၊ USDP ပါတီဝင်များ၊ ရဟန်းသံဃာများစသည့် NLD၊ NUG နှင့် PDF များအား မထောက်ခံသူ ပြည်သူ ၅၅၀၀ ကျော်မှာ သူလျှို၊ ဒလန်၊ အစိုးရယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူဆိုသည့် စွပ်စွဲချက်များဖြင့် သတ်ဖြတ်ခံထားရသည်။

ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် SAC ၏ စစ်ကြောင်းများနှင့် NUG ၏ PDF များ ထိတွေ့တိုက်ပွဲ နေ့စဥ်ပြင်းထန်စွာဖြစ်ပွားနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *