October 19, 2024

MT News

Written By Thandar

အနုပညာလောကမှာ ဆယ်စုနှစ်ပေါင်းများစွာဖြတ်သန်းခဲ့တဲ့ အသက် ၉၄ နှစ်အရွယ် ဓာတ်ပုံအကယ်ဒမီသုံးဆုရှင် ဦးစန်းမောင်ဟာ ရဟန်းဝတ်ထားချိန် ဖေဖော်ဝါရီ ၁၁ ရက်က ပေါင်မြို့နယ်ရှိ မုတ္တမဆေးရုံမှာ ပျံတော်ခဲ့ပါတယ်။

“အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားတာ တော်တော်ကြာနေပါပြီ ။ ရဟန်းဝတ်နဲ့ပဲ ဝါတော်တော်လေး ရနေပါပြီ။ သူကလည်း မုတ္တမနားမှာနေတယ်။

အရင်က ကျိုက်ထိုမယ် ဝါဆိုတယ်ပြောတယ်။ အဆက်အသွယ် သိပ်မရှိတော့ဘူး။ အရင်တုန်းကတော့ စက်မှုအဖွဲ့တွေက သက်ကြီးပူဇော်ပွဲအတွက် သွားပြီး ကန်တော့ပစ္စည်းတွေ လှူတဲ့ငွေတွေ သွားပို့ဖြစ်တယ်။

အခုလည်း ဒေါ်ခင်လေးဆွေကို ဖုန်းဆက်ပြီး သူနေတဲ့နေရာသိတဲ့ သီလရှင်တစ်ပါးက အသိပေးလို့ သိရတာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက M T News Entertainment ကို ပြောပါတယ်။

ရဟန်းဝတ်နေတဲ့ အကယ်ဒမီဦးစန်းမောင်ဟာ မုတ္တမမြို့ ဘန့်ဘွေးကုန်း ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ခဲ့တာဖြစ်ပါတယ်။ မုတ္တမဆေးရုံမှာ ပျံလွန်တော်မူသွားတဲ့အတွက် ရုပ်ကလာပ်ကို ဆေးရုံမှာ ထားပြီး ဒီနေ့မှာကျောင်းတိုက်ကို သယ်မယ်လို့ သိရတယ်လို့ ဆိုပါတယ်။

ဆရာတော်ဟာ လူဝတ်ဘဝ ဓာတ်ပုံပညာရှင်အဖြစ် အသက်မွေးချိန် ၁၉၇၆ ခုနှစ်မှာ “ကျွန်းကလေးမှာနှစ်ယောက်ထဲ” ဇာတ်ကား ၊ ၁၉၇၉ ခုနှစ်မှာ “ကျော်ကိုချစ်မလား၊ ဇော်ကိုချစ်မလား” ဇာတ်ကားနဲ့ ၁၉၈၁ ခုနှစ်မှာတော့ “အပြန်လမ်း” ရုပ်ရှင်ဇာတ်ကားတွေမှာ ဓာတ်ပုံအကယ်ဒမီဆုတွေကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *