MT News
Written by Nay Aung
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ချဉ်းကပ်မှုအသစ် လုပ်ဆောင်စေလိုကြောင်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က မြန်မာ့နိုင်ငံရေးပြဿနာသည် ဒေသအတွင်းရှိ နိုင်ငံများအပေါ် သက်ရောက်မှုများရှိနေခြင်းကြောင့် ပြည်တွင်းရေးပြဿနာအဖြစ် အချိန်အတန်ကြာသတ်မှတ်၍မရနိုင်ကြောင်း ဆိုသည်။
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အသုံးပြုနေသော အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုများသည် တိကျသောရလဒ်များထွက်လာအောင် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း အန်ဝါအီဘရာဟင်ကပြောသည်။
၎င်းက “မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ကြိုးပမ်းရာမှာ အာဆီယံနည်းလမ်းတွေက အလုပ်မဖြစ်တဲ့အတွက် အပြု သဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဒါမှမဟုတ် အာဆီယံနည်းလမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတယ်” ဟုဆိုသည်။
မလေးရှားဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေချိန်အတွင်း မြန်မာ့နိုင်ငံရေးနှင့်ပတ် သက်ပြီး ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ့နိုင်ငံရေးပြဿနာက ပြည်တွင်းရေးပြဿနာအဖြစ် စဉ်းစားရှုမြင်၍မရတော့ကြောင်း၊ မလေးရှားနိုင်ငံသည်လည်း မြန်မာ့နိုင်ငံရေးပြဿနာ၏ သက်ရောက်မှုများကို ရင်ဆိုင်နေရကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောသည်။
အန်ဝါအီဘရာဟင်က “မလေးရှားနိုင်ငံဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေ ရင်ဆိုင်နေရတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ၂ သိန်းလောက်ရှိနေတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာလည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့သက်ရောက်မှုတွေကို ခံနေရတယ်” ဟုဆိုသည်။
မလေးရှားဝန်ကြီးချုပ်က မြန်မာ့နိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်အောင်ကူညီပေးရန်အတွက် အာဆီယံအဖွဲ့သည် ပိုမိုထိရောက်သောနည်းလမ်းများကို ဆွေးနွေးရန်လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှဆိုင်းငံ့သင့်ကြောင်း စသည်ဖြင့် ပြောကြားမှုများရှိနေသည်။
ref – thaipbsworld