October 21, 2024

၁၂. ၂. ၂၀၂၃
Written by Min Mahar

လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ကစားနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သေနတ်သမားများက သေနတ်ဖြင့်တေ့ပစ်သွားမှု မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းအရှေ့ဘက်၊ ရွာမလမ်းအတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၁၂ရက် မွန်းလွဲ ၂ နာရီကျော်လောက်က အသက် ၅၅ နှစ်အရွယ်ခန့်ရှိသော ယာတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စစ်တုရင်ကစားနေစဉ်အတွင်း ယောက်ဖဖြစ်သူနှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စစ်တုရင် ကစားနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသား ၂ ဦးရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်တေ့ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ထဲမှာ အုပ်မှူးက သူ့ယောက်ဖနဲ့အတူ စစ်တုရင် ကစားနေချိန်မှာ လူ ၂ ယောက်က ဆိုင်ထဲဝင်လာပြီးတော့ သေနတ်နဲ့ တေ့ပစ်သွားကြတာပါ။ မျက်နှာကိုရှပ်ထိသွားပြီးသတိလစ်သွားလို့ ဆေးရုံကိုပို့လိုက်ကြတယ်” ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားပြီး ဝဲဘက်ပါး၏မေးရိုးအပေါ်ကိုပြန်ဖောက်ထွက်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ သက်ဆိုင်ရာအဖွဲ့များရောက်ရှိလာပြီး အကြမ်းဖက်ပစ်ခတ်သွားသည့် သေနတ်သမားများအား လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတွင်လည်း THAIAR MS 9MM ကျည်ခွံ ၁ ခုတွေ့ရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *