October 21, 2024

၁၂. ၂. ၂၀၂၃
Written by Phyo Wei

ရတနာသဘာ၀ဓာတ်ငွေ့စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Chevron ဟာ သူ့ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ကနေဒါအခြေစိုက် MTI ဆီ လွှဲပြောင်းရောင်းချဖို့ စီစဉ်လာတာဟာ တွေးစရာနှစ်ခုပေးပါတယ်။

တစ်ဖက်မှာ မြန်မာ့သယံဇာတတွေ မြန်မာ့စီးပွားရေးကဏ္ဍတွေကို ဝင်လုပ်နေတဲ့နိုင်ငံတကာကုမ္ပဏီတွေဟာ ကုမ္ပဏီတစ်ခုထွက်တာနဲ့ အခြားတစ်ခုက ခူးပြီးခပ်ပြီး အသင့်ဝင်စားတဲ့ပုံမြင်ရပါတယ်။ အခြားတစ်ခုကတော့ နှစ်နှစ်ကျော် တောင့်ခံလာတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဟာ နစက ခြောက်လသက်တမ်းတိုးချိန်ကျမှ သူ့ရှယ်ယာတွေ ရောင်းတော့မယ်ဆိုတာဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၀၊ ၂၀၀ လောက်က ပြန်ထွက်တော့မယ်လို့ အချက်ပေးတဲ့ သဘောလားဆိုတဲ့ အချက်ပါ။ နစက ၆ လ သက်တမ်းတိုးတာကြောင့် Chevron ဟာ သူ့ရှယ်ယာကို မရောင်းချင်ဘဲ ရောင်းရတာဆိုရင်တော့ အမေရိကန်ရဲ့ မြန်မာ့အပေါ် အရေးယူမှုတွေ မကြာခင်လပိုင်းမှာ ပိုဆိုးလာမယ်ဆိုတာ ကြိုတွက်ထားရတော့မယ့် ဒီရက်သတ္တပတ်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ သတိပေးမှုအကြောင်း၊ ဘဏ်နဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ဒေါ်လာစျေးဆွဲမြှင့်ဖို့ ကြံဆနေတဲ့အကြောင်း၊ တရုတ်ကို အားပြိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ပိုက်လိုင်းလုပ်ချင်နေတဲ့ အိန္ဒိယနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

မှန်မှန်ကန်ကန် ဆောင်ရွက်ရမဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ

မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ အရှုံးပေါ်နေတဲ့လုပ်ငန်းတွေ များသလို မလည်ပတ်နိုင်ဘဲရပ်ဆိုင်းထားရပြီး ကုန်ကျစရိတ်တက်နေတဲ့လုပ်ငန်းတွေလည်း အများကြီးပါ။ အခြားတစ်ဖက်မှာလည်း ရှေးအရင်အစိုးရတချို့ လက်ထက်မှာ အဂတိမှုတွေကြောင့် တခြားနိုင်ငံတွေကအဟောင်းအစုတ်စက်တွေကို မတန်တဆစျေးနဲ့ဝယ်ခဲ့ရတာကြောင့် ထုတ်လုပ်ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်တွေနဲ့ တွက်ချေမကိုက်လို့ မလည်ပတ်နိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေလည်း ရှိနေပါသေးတယ်။

လက်ရှိအချိန်မှာတော့ ဝင်ငွေနဲ့ အသုံးစရိတ်မမျှတလို့ အစိုးရစီးပွားရေးလုပ်ငန်းတွေရပ်တန့်ဖို့ထက် အကောင်းဆုံးဖြစ်အောင်လုပ်​ဆောင်ဖို့နဲ့ မှန်မှန်ကန်ကန်မလုပ်ရင် အရေးယူမယ်လို့ SAC ဥက္ကဋ္ဌက သတိပေးလာတာတွေ့ရပါတယ်။ ဒီလိုသတိပေးမှုဟာ အဂတိနဲ့အသားကျနေသူတွေအတွက်​တော့ စိုးထိတ်စရာပါ။ ဘာကြောင့်လဲဆိုရင် SAC ဥက္ကဋ္ဌလက်ထက်မှာ NLD အစိုးရဟောင်းအဖွဲ့ဝင်တွေသာမက SAC ခန့်ထားတဲ့အစိုးရတာဝန်ရှိသူတွေကိုပါ အချိန်တိုတိုနဲ့အရေးယူထားတာ တွေ့ခဲ့ရလိုပါ။ လက်ရှိအချိန်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို မမှန်မကန်လုပ်ခဲ့သူတွေဟာ အရင်အတိုင်းဆက်လုပ်နေမယ်ဆိုရင်တော့ သူတို့ကို အမှန်တကယ်အရေးယူခံရတာ တွေ့မြင်လာရနိုင်ပါတယ်။

ဘဏ်နဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ဆွဲမြှင့်နေတဲ့ ဒေါ်လာစျေး

SAC အစိုးရကို တိုက်ခိုက်ဖို့နဲ့ မြန်မာ့ငွေကြေးစျေးကွက်ပြိုလဲပြီး မြန်မာ့စီးပွားရေးပြိုကျ၊ ပြည်သူတွေငတ်ပြတ်ပြီး ထကြွလာအောင် လှုံ့ဆော်နေသူတွေရဲ့ အန္တိရည်မှန်းချက်ဟာ ဒေါ်လာစျေး ၅၀၀၀၊ ၆၀၀၀ ဖြစ်ပြီး ပြည်သူကျပ်တည်းရေးပန်းတိုင်ပါ။ ဒီလိုမျိုး ပြည်သူကျပ်တည်းပြီး နိုင်ငံ့စီးပွားရေးပြိုပျက်အောင်လုပ်ချင်သူတွေရန်ကို ကျော်လွှားဖို့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေနဲ့ ဘဏ်တွေရဲ့ ငွေသွင်းငွေထုတ်ကို ထိန်းချုပ်နေရတာကြောင့်လည်း တစ်ဖက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေနဲ့ ပြည်သူတွေကြား ငွေကြေးစီးဆင်းမှုအကျပ်အတည်းတွေ ပြန်ကြုံရတဲ့ဒုက္ခတွေလည်း ဖြစ်ပေါ်စေပါတယ်။

လက်ရှိအချိန်မှာတော့ ဒီလိုမျိုးအခြေအနေဖြစ်ဖို့ ဒေါ်လာစျေးဆွဲတင်ရေးကြိုးပမ်းနေသူတွေထဲမှာ ဘဏ်တွေနဲ့ ပုဂ္ဂလိက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေပါ ပါဝင်နေတာကို သံသယရှိဖွယ်တွေ့ရပြီး ဖော်ထုတ်အရေးယူမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးလာတာ တွေ့ရပါတယ်။ မှန်ပါတယ်။ အစိုးရတစ်ရပ်ကို မကျေနပ်တာနဲ့ တစ်နိုင်ငံလုံးကပြည်သူတွေကျပ်တည်းအောင်၊ အုံကြွအောင်လုပ်ဆောင်တာက မမှန်ကန်တဲ့လုပ်ရပ်ဖြစ်လို့ ဒီလိုမျိုးလုပ်ဆောင်နေသူတွေကို ထိထိရောက်ရောက်ဖော်ထုတ်အရေးယူရမှာပဲဖြစ်ပါတယ်။

တရုတ်ကို အားပြိုင်ချင်တဲ့ အိန္ဒိယ

အမေရိကန်ရဲ့ ပါဝါလျော့ကျလာပြီး တရုတ်၊ ရုရှားရဲ့ ပါဝါဟာ ထိုးတက်လာချိန််မှာ ရုရှားနဲ့ ပိုအဆင်ပြေလာတဲ့ အိန္ဒိယက သူ့ပြိုင်ဘက်တရုတ်ကို ဒေသတွင်းအားပြိုင်နိုင်ဖို့ မြန်မာနိုင်ငံကို ပိုပြီးအာရုံစိုက်လာပါတယ်။ တစ်ဖက်မှာလည်း မြန်မာ့ပင်လယ်ထွက်ပေါက်ကို ရယူထားပြီးဖြစ်တဲ့ အိန္ဒိယဟာ တရုတ်ရဲ့ အထောက်ပံ့ခံလို့ဆိုတဲ့ AA ရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ တစ်ချိန်လုံးခံခဲ့ရတာကြောင့် ကုလားတန်စီမံကိန်းဟာ တန့်နေ့ခဲ့ပေမဲ့လည်း ဒီနေ့ကာလမှာတော့ AA ဟာ SAC နဲ့ အပစ်အခတ်ရပ်စဲထားတာကြောင့် အိန္ဒိယဟာ အရင်တုန်းက သူ တရုတ်နဲ့ပြိုင်ပြီးရှုံးခဲ့တဲ့ ပိုက်လိုင်းစီမံကိန်းတွေကို ပြန်အစပြုဖို့ ကြံဆလာတာတွေ့ရပါတယ်။

ဒီနေရာမှာ ပထဝီနိုင်ငံရေးကို နားမလည်သူတွေ၊ နားမလည်ချင်ယောင်ဆောင်သူတွေဟာ မြန်မာနိုင်ငံဟာ မဟာဗျုဟာအရ အချက်အခြာကျတယ်ဆိုရင် ရယ်သွေးသွမ်းကြတာပါ။ ဒါပေမဲ့ ပထဝီနိုင်ငံရေးနားလည်သူတွေကတော့ မြန်မာ့မြေပေါ်က အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူစတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ အားပြိုင်ရာအချက်အ​ခြာကျတဲ့နိုင်ငံသေးသေးလေးတစ်ခုဟာ ခေါင်းဆောင်တော်ရင် ထိပ်ဆုံးကို ရောက်သွားနိုင်သလို ညံ့ဖျင်းတဲ့ခေါင်းဆောင်လက်ထက်မှာ အစိတ်စိတ်အမွာမွာ ကွဲထွက်သွားနိုင်တာကိုလည်း စိုးရိမ်နေကြပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံဟာ သာမန်နိုင်ငံရေးခေါင်းဆောင် လူကြိုက်များရုံနဲ့ အကုန်လုံးကို သူသိသူတတ်စီမံချင်တဲ့ ခေါင်းဆောင်နဲ့တော့ တိုးတက်လာမှာမဟုတ်ဘဲ မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးအရ အချက်အခြာကျလို့ အမြတ်ထုတ်ချင်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေကို အားပြိုင်နိုင်တဲ့ အသိဉာဏ်ရှိတဲ့ ခေါင်းဆောင်မှ၊ ငါပဲသိ ငါပဲတတ် ငါပဲဆုံးဖြတ်တဲ့ ဗဟိုချုပ်ကိုင်မှုဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ အခြားသော လူတွေရဲ့ လုပ်နိုင်စွမ်းကိုကန့်သတ်ထားပြီး ဖွံ့ဖြိုးတိုးတက်မှူကို ဆွဲချနေတယ်သဘောပေါက်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချ အားလုံးအတူရုန်းမှ ထိပ်ဆုံးရောက်မယ်သဘောပေါက်တဲ့ နိုင်ငံရေးသုခမိန်(Statesman) ရှိလာမှ အစိတ်စိတ်အမွာမွာကွဲမသွားဘဲ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *