October 21, 2024

MT News
၁၂. ၂. ၂၀၂၃

တပ်မ​တော်အရာရှိဟောင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များနှင့် ပြည်သူပေါင်းများစွာကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်နေသည့် အင်းစိန်မြို့နယ် NLD အမတ်ဟောင်းဝေဖြိုးဟန်ဦးဆောင်သောအဖွဲ့မှ တရားခံ ၇ ဦးကို ဖမ်းမိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

တရားခံ ခုနစ်ဦး ဖမ်းမိခဲ့သည့်ဖြစ်စဥ်မှာ ယခုနှစ်၊ ဇန်နဝါရီ ၃၀ နံနက်ပိုင်းတွင် လှိုင်မြို့နယ်၊ ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး(စစ်မှုထမ်းဟောင်းငြိမ်း)သည် ဘတ်စ်ကားဂိတ်မှ စက်ရုံသို့ လမ်းလျှောက်လာစဉ် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ၊ တိုက်အမှတ်(၃/အေ)ရှေ့အရောက်တွင် စက်ဘီးစီးနင်းလာသော PDF ၂ ဦးမှ ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူများ သတင်းပေးမှုကြောင့် ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ တင်စိုး(ခ)ဘိုးတော် အား ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းတွင် ဖမ်းမိခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပေးခဲ့သူ တရားခံ အေးသိန်းအား ယင်းနေ့ညနေပိုင်းတွင် ရွှေဝါဆပ်ပြာစက်ရုံဝင်း အတွင်းရှိ နေအိမ်၌ လည်းကောင်း၊ တရားခံ ချစ်ကိုအား ယင်းနေ့ညပိုင်းတွင် ကမာရွတ်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် လက်နက်/ခဲယမ်းများ ပေးအပ်ခဲ့သည့် လှိုင် PDF အဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီးအား ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အောင်ကြီး၏ ထွက်ဆိုချက်အရ လှိုင် PDF အဖွဲ့ဝင် အောင်ခန့်ဖြိုး(ခ)မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း တို့ ၂ ဦးအား ဖေဖော်ဝါရီလ ၉ ရက် နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၌ လည်းကောင်း၊ ညီညီထွေး(ခ)သံချောင်းအား လှိုင်သာယာမြို့နယ်၌လည်း ကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံ ၇ ဦး၏ ထွက်ဆိုချက်အရ လှိုင် PDF အဖွဲ့ဝင်များဖြစ်သော အောင်ဇော်လင်း(ခ)အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း နှင့် ညီညီထွေး(ခ)သံချောင်းတို့ ၄ ဦးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလခန့်တွင် KNLA တပ်မဟာ(၂)၊ ရင်း(၆)နယ်မြေ၌ သင်တန်းတက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် လှိုင် PDF အဖွဲ့အား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖမ်းဆီးရန်ကျန်တရားခံ ဝေဖြိုးဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ)ဘိုဘားတို့ ခေါင်းဆောင်၍ အောင်ဇော်လင်း(ခ)အောင်ကြီး၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း၊ ညီညီထွေး(ခ)သံချောင်းနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော မောင်ဇော်(ခ) လှိုင်ဘွား၊ Snake ၊ ပူတင်၊ စိုင်းရပ်၊ အေကေ နှင့် ကြက်ဖကြီးတို့ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးဖြင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ အရောင်းကိုယ်စားလှယ်ဝန်ထမ်း အဖြစ်လုပ်ကိုင်နေသူ ချစ်ကိုသည် စက်ရုံဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များဖြင့် ဒလန်ဟုစွပ်စွဲ၍ စက်ရုံဝန်ထမ်းဟောင်းများဖြစ်သည့် တင်စိုး(ခ)ဘိုးတော်နှင့် အေးသိန်းမှတစ်ဆင့် လှိုင် PDF အဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီးထံသို့ ဆက်သွယ်ကာ ဦးမြင့်စိုးအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ဦးမြင့်စိုး၏ နေထိုင်သွားလာမှုအခြေအနေများအား သတင်းပေးပို့ခဲ့ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား တင်စိုး(ခ)ဘိုးတော်သည် အောင်ဇော်လင်း(ခ)အောင်ကြီးထံမှ ကြိုတင်ယူဆောင်၍ ၎င်း၏နေအိမ်တွင် သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၃၀ ရက် ၀၄၃၀ နာရီတွင် တင်စိုး(ခ)ဘိုးတော်သည် ပစ္စတိုသေနတ်အား အောင်ဇော်လင်း(ခ)အောင်ကြီးထံသို့ လှိုင်မြို့နယ်၊ အေးရိပ်မွန်လမ်းနှင့် ရတနာမွန်(၇)လမ်းအနီး၌ သွားရောက် ပေးအပ်ခဲ့ပြီး အောင်ဇော်လင်း(ခ)အောင်ကြီးသည် အဆိုပါပစ္စတိုသေနတ်အား ချောင်းဝ ကားမှတ်တိုင်အနီး၌ အသင့်စောင့်ဆိုင်းနေသည့် လှိုင် PDF အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွားနှင့် Snake ထံသို့ ထပ်မံပေးအပ်ခဲ့ကြောင်း၊ မောင်ဇော်(ခ)လှိုင်ဘွားနှင့် Snake တို့ ၂ ဦးသည် ကားမှတ်တိုင်မှ လမ်းလျှောက်လာသော ဦးမြင့်စိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အဖွဲ့ဝင်များသည် စစ်မှုထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ယင်းတို့ သတ်ဖြတ်ခဲ့မှုများမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်း(၂) လမ်းထိပ်၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်းတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂ ဦးသေဆုံး၍ ၁ ဦးဒဏ်ရာရရှိခဲ့မှုတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ ဇူလိုင်လ ၁၅ ရက်တွင် မရမ်းကုန်းမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ပွင့်လမ်း၌ ရာအိမ်မှူး ဦးခင်မောင်လတ်(ခ)ကိုလတ်အား ဒလန်ဟုစွပ်စွဲ၍ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း နှင့် ညီညီထွေး(ခ) သံချောင်း တို့မှပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင် (၉)လမ်းပေါ်၌ တပ်မတော်မှအရာရှိ ၁ ဦးနှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွား နှင့် Snake တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ဩဂုတ်လ ၃၀ ရက်တွင် အင်းစိန်မြို့ နယ်၊ ဈေးကုန်း(အရှေ့) ရပ်ကွက်၊ အင်းစိန်ဈေးအနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဖမ်းဆီးရန် ကျန်တရားခံ မောင်ဇော်(ခ)လှိုင်ဘွားနှင့် စိုင်းရပ်တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။ စက်တင်ဘာလ ၁၇ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ရတနာလမ်း၌ ရာအိမ်မှူး ဦးအောင်စိုးအား ပြည့်ဖြိုးငြိမ်း(ခ) ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်းတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။ အောက်တိုဘာလ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၌ စစ်မှုထမ်းဟောင်း ဦးသိန်းမြင့်ဦးအား ညီညီထွေး(ခ)သံချောင်း နှင့် ဖမ်းဆီးရန်ကျန်တရားခံ အေကေတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။ အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဗဟိုလမ်းထောင့်နှင့် ပေါင်းစည်းလမ်းထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁ ဦးတို့အား အောင်ခန့်ဖြိုး (ခ)မိုးတိမ် နှင့်ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်းတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း (ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် အမှတ်(၂)လမ်း ထောင့်၌ စစ်မှုထမ်းဟောင်း ဦးကျော်မင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်နော်စောမြတ်မွန် တို့အား ဖမ်းဆီးရန်ကျန်တရားခံ မောင်ဇော် (ခ)လှိုင်ဘွား နှင့် ကြက်ဖကြီးတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ ဇန်နဝါရီလ ၃၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ၌ စစ်မှုထမ်းဟောင်း ဦးမြင့်စိုးအား ဖမ်းဆီးရန် ကျန်တရားခံ မောင်ဇော်(ခ) လှိုင်ဘွား နှင့် Snake တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။ ဖေဖော်ဝါရီလ ၃ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျမင်္ဂလာ(၂) လမ်း၌ မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးအား ဖမ်းဆီးရန် ကျန်တရားခံ စိုင်းရပ် နှင့် ကြက်ဖကြီးတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် အောင်ဇော်လင်း(ခ)အောင်ကြီးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါလုပ်ကြံသတ်ဖြတ်ခြင်းများအား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖမ်းဆီးရန်ကျန်တရားခံ ဝေဖြိုးဟန်မှ ခိုင်းစေခဲ့ခြင်းဖြစ် ကြောင်း၊ ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောလက်နက်/ခဲယမ်းနှင့် ငွေကြေးများအားဝေဖြိုးဟန်သည် ၎င်းတို့ လှိုင် PDF အဖွဲ့ဝင်များဖြစ်သော ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ)ဘိုဘားနှင့် ပူတင်တို့မှတစ်ဆင့် အခြား အဖွဲ့ဝင်များထံသို့ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ၅၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်အထိ အသီးသီးခွဲဝေ ထောက်ပံ့ပေးကြောင်းနှင့် လက်နက်/ခဲယမ်းများအား လုပ်ငန်းပြီးဆုံးပါက ကြိုးကြာ(ခ) သန်းဝင်းထွန်း(ခ)ဘိုဘား ထံ ပြန်လည်အပ်နှံပေးရကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *