October 21, 2024

MT News
၁၂. ၂. ၂၀၂၃

(၇၆) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုအလုပ်ကော်မတီ)မှ သဝဏ် လွှာပေးပို့သည်ဟု NUG က ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကိုခန့်ငြားထည်ဝါစေခဲ့သော၊ တိုင်းရင်းသားလူမျိုးတို့၏ သွေးစည်းခိုင်မာခြင်းကို တည်ဆောက်နိုင်ခဲ့သော၊ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော သမိုင်းဝင်သင်္ကေတသည် ပင်လုံစာချုပ်ပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့က နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲမှုများကြားထဲမှ ယုံကြည်မှုကိုရယူတည်ဆောက်နိုင်ခဲ့ပြီး ပင်လုံစာချုပ်ကြီးကို သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို အလေးအနက်ထား နမူနာရယူရမည်ဖြစ်သည်ဟု NLD က ဆိုသည်။

ထိုနမူနာသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကုန်သော တော်လှန်ရေးအင်အားစုများအားလုံး လိုက်နာ၊ကျင့်ကြံ၊အားထုတ်သင့်သည့် အရေးကြီးဆုံးသော အောင်မြင်ရေးလမ်းညွှန်ချက်အဖြစ် ခံယူရမည်ဖြစ် သည်ဟု NLD က ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြသည်။

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်ဖြင့် နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီသို့ ဖိတ်ခေါ်စာများ တရားဝင်ပေးပို့ခဲ့သကဲ့သို့ ဗဟိုအလုပ်အမှုဆောင်များပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ ရုံးစိုက်ရာဒေသများအထိလိုက်လံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ပေါ်ပေါက်လာရန်ရည်မျှော်ခဲ့ခြင်းဖြစ်သည်ဟုလည်း NLD က ဆိုသည်။

နွေဦးတော်လှန်ရေးကာလတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းအားထုတ်လျက်ရှိပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းပြီးနောက်တွင်လည်း အနာဂတ်နိုင်ငံတော်ကို တိုင်းရင်းသားပြည်သူတို့နှင့် စိတ်တူကိုယ်တူ လက်တွဲကာတည်ဆောက်မည်ဟု စိတ်ပိုင်းဖြတ်ပြီး၊ အကောင်အထည်ဖေါ်ဆောင်မည် ဖြစ်ကြောင်းကို (၇၆) နှစ်မြောက်ပင်လုံစာချုပ်ချုပ်သည့်နေ့ (ပြည်ထောင်စုနေ့) အခမ်းအနားသို့ ကတိကဝတ်ပြု သဝဏ်လွှာပေးပို့သည်ဟုလည်း NLD ဗဟိုအလုပ်ကော်မတီ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *