October 21, 2024

၁၂. ၂. ၂၀၂၃
Written by Nay Aung

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်အာဆီယံရုံးတစ်ရုံး တည်ထောင်ဖွင့်လှစ်သင့်ကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက အကြံပြုပြောဆိုလိုက်သည်။

ဆာဆာကာဝါသည် ပြီးခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော အင်တာဗျူးအစီအစဉ်တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အခြေစိုက် Nikkei  Asia သတင်းဌာနက ဖော်ပြထားသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် နစကနှင့် အလုပ်သဘောထိတွေ့ဆက်ဆံမှုများလည်း လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရသော ဆာဆာကာဝါက ပြောသည်။

၎င်းက ” အာဆီယံအဖွဲ့ဟာ နစကနဲ့ အလုပ်သဘော မကြာခဏ ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တယ်။”ဟုဆိုသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါသည် ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံတွင် မြန်မာတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြားအပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။ ယိုဟီ ဆာဆာကာဝါက မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အခြားနေရာများတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

နီပွန်ဖောင်ဒေးရှင်းသည်  မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့  AA အကြားအပစ်အခတ်ရပ်စဲရေးရယူထားနိုင်သော ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးခဲ့သူ လူပေါင်း ၂၃၃ဝဝ အတွက် စောင်များ ကူညီထောက်ပံ့ပေးမှုများ စတင်ရန် စီစဉ်ထားသလို စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေး နှင့် ဆေးပေးခန်းများဆောက်လုပ်ပေးခြင်းနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် အိမ်ယာများဆောက်လုပ်ပေးရန်လည်း စီစဉ်နေကြောင်းသိရသည်။

ref -nikkei  asia
#Myanmar #japan #asean #mtnews
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *