October 21, 2024

၁၂. ၂. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ယင်းအခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော် မြို့တော်ခန်းမအရှေ့ ရင်ပြင်တွင် ပြုလုပ်သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်ကြောင်း (SAC)ဥက္ကဋ္ဌက သဝဏ်လွှာတွင်ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မိမိ၏ အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကျဥ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိကြောင်း ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့်အန္တရာယ်ကို ဖြစ်စေသဖြင့် မတူကွဲပြားမှုများကို သဟ ဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးစားစဥ်းစားကြရန် အလေးထားတိုက်တွန်းလိုကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဥ် ငါးရပ်၏ နောက်ဆုံးအချက်ဖြစ်သော အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းမျာနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ရေးဆက်လက်ဆောင်ရွက်သွားမည်ဆိုသည့်အတိုင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်သည့်အခြေခံအချက်များ အခြေအနေဖန်တီးမှုများကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း (SAC)ဥက္ကဋ္ဌက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့သို့ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းပြည်ပ စွတ်ဖက်မှုများနှင့် ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူ့အကျိုးကို စဥ်းစားလုပ်ဆောင်ရန်လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုတို့နှင့် အလှမ်းကွာဝေးစဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်နေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားပြည်သူအားလုံးက ရှေ့သို့ချီမည်ပန်းတိုင်းဆီ ဆိုသည့်အတိုင်း မိမိတို့မျှော်မှန်းသည့် ပန်းတိုင်သို့ ရောက်ရှိစေရန် ပြည်သူများအားလုံးက ကျရာအခမ်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားပါသည်။

mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *