October 21, 2024

MT News
၁၂. ၂. ၂၀၂၃

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများမှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့ခြင်း၏ အကျိုး ဆက်များဖြစ်ပြီး ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို ဦးတည်သည့် နိုင်ငံရေးမျှော်လင့်ချက် ဖန်တီးပေးနိုင်မှသာ နိုင်ငံရေးနည်းလမ်းအပေါ် ပြည်သူပြန်လည်ပူးပေါင်းမည်ဟု ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ပြည်သူ့ပါတီ၏ ကြေညာချက်တွင် ဖော်ပြသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ပြည်မခေါင်းဆောင်များ လွတ်လပ်ရေးကို ပူးပေါင်းရယူပြီး နိုင်ငံတော်သစ်ကို မည်သို့မည်ပုံ တည်ဆောက်ကြမည် ဟု သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုနေ့ ပင်လုံသဘောတူညီချက်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၏ ရေသောက်မြစ်လည်းဖြစ်သည်။ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ရေးပြဿနာကို မဖြေရှင်းနိုင်မှုကြောင့်ပင် တိုင်းရင်းသားဒေသအသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ပြည်သူ့ပါတီက ဆိုသည်။

ပြည်ထောင်စုမူ၊ ဖက်ဒရယ်မူကို အကြောင်းပြု၍ ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟူသည့် အကြောင်းပြချက်ဖြင့်၊ ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ ဒီမိုကရေစီရေး ပြဿနာပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံနိုင်ငံရေးပြဿနာမှာ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးပင်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံအကြောင်းတရားမှာလည်း ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးပင်ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်ဟု ပြည်သူ့ပါတီက ကြေညာသည်။

လွတ်လပ်ပြီး မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုပုံစံ ဒီမိုကရေစီနည်းကျ တည်ဆောက်သွားကြရန်၊ လွတ်လပ်ရေးခေါင်း ဆောင်ကြီးများ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းခဲ့ကြသည့် အစဉ်အလာကို ပြန်လည်ဖော်ထုတ်နိုင်ရန် အရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို ဦးတည်သည့် နိုင်ငံရေးမျှော်လင့်ချက် ဖန်တီးပေးနိုင်မှ သာလျှင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးနည်းလမ်းအပေါ် ပြန်လည်ယုံကြည်သက်ဝင်ပြီး ပူးပေါင်းပါဝင်လာမည်ဖြစ် ကြောင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် လေးနက်စွာသဘောထားထုတ်ပြန်လိုက်သည်ဟု ပြည်သူ့ပါတီ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *