၁၁. ၂. ၂၀၂၃
Written by Nay Aung
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki နာဂါစကီမြို့ ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြှုပ်သွားခဲ့သော Jin Tian သင်္ဘောပေါ် ပါဝင်ခဲ့သော မြန်မာနိုင်ငံသားများနှင့် တရုတ်သင်္ဘောသားများကို ရေပြင်ရှာဖွေမှုရပ်ဆိုင်းကာ ဝေဟင်မှရှာဖွေမှုများသာ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားသင်္ဘောသား ၈ ဦးနှင့် တရုတ်နိုင်ငံသား သင်္ဘောသား ၁၄ ဦးတို့ လိုက်ပါသွားခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့က နာဂါစကီကမ်းလွန်တွင် နစ်မြှုပ်သွားခဲ့ရာ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့ နှင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့တို့က ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံသား ၈ ဦးအနက် ၃ ဦးအား ဂျပန်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ရှာတွေ့ခဲ့ရာ ရှာဖွေတွေ့ရှိသူ ၃ ဦး အနက် ၂ ဦးမှာ အသက်ဆုံးရှုံးခဲ့ကာ ၁ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသားသင်္ဘောသား ၅ ဦးပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား ၅ ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို လက်ရှိအချိန်အထိ ဂျပန်နိုင်ငံအဖွဲ့အစည်းများမှ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော်လည်း ရှာဖွေမှုများပြုလုပ်ရာတွင် ရေပြင်ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ဝေဟင်မှ ရှာဖွေမှုလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဘောနစ်မြှုပ်မှုမှ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော မြန်မာနိုင်ငံသား သင်္ဘောသား ဦးဇေယျာမင်းကို ပြီးခဲ့သော ဖေဖော်ဝါရီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောနစ်မြှုပ်မှုတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ၁၄ ဦးမှာလည်း ၆ ဦးသေဆုံးကာ ၄ ဦး ပြန်ကယ်တင်နိုင်ခဲ့သော်လည်း ၄ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် လက်ရှိအချိန် ပျောက်ဆုံးနေသူများကို ရှာဖွေနေသည်မှာ မြန်မာနိုင်ငံသား ၅ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။
ref – japan news