၁၁. ၂. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်လေတပ်မှ F-22 တိုက်လေယာဉ်တစ်စီးက အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်မြောက်ဘက်ကမ်းခြေအလွန်တွင် အမည်မသိ ပျံသန်းနေသော အရာဝတ္တုတစ်ခုအား သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်အရ ဖေဖော်ဝါရီ ၁၀ ရက်က ပစ်ချခဲ့ကြောင်း အိမ်ဖြူတော်အရာရှိများက ပြောကြားခဲ့ကြသည်။
အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က အဆိုပါအရာဝတ္တုက အမြင့်ပေ ၄၀,၀၀၀ (၁၃,၀၀၀ မီတာ) ခန့်တွင် ပျံသန်းလျက်ရှိသောကြောင့် ပစ်ချခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းက အရပ်ဘက် ခရီးသည်တင်လေယာဉ်ပျံသန်းမှုခရီးစဉ်များ၏ လုံခြုံစိတ်ချရမှုကို ခြိမ်းခြောက်လာနိုင်မှုတစ်ရပ်ဖြစ်လာဖွယ်ရှိသောကြောင့်ဖြစ်ကြောင်း၊ ထောက်လှမ်းရေးပြုလုပ်နေသည်ဟူသော ကိစ္စနှင့်မသက်ဆိုင်ကြောင်း ပြောခဲ့သည်။ သမ္မတဂျိုးဘိုင်ဒင်ကမူ ထိုကဲ့သို့ ပစ်ချနိုင်ခဲ့မှုက အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ခရီးသည်တင်လေယာဉ်များနှင့် ပုဂ္ဂလိကလေယာဉ်များက အမြင့်ပေ ၄၅,၀၀၀(၁၃,၇၀၀ မီတာ) အထိ ပျံသန်းနိုင်ကြကြောင်းသိရသည်။
ဂျွန်ကာဘီက အဆိုပါပစ်ချခဲ့သောအရာဝတ္တုမှာ အကြမ်းအားဖြင့် ကားငယ်တစ်စီးစာ အရွယ်ရှိပြီး အမေရိကန်လေတပ်က တရုတ်နိုင်ငံ၏ထောက်လှမ်းရေးပူဖောင်းဟု သံသယရှိမှုကြောင့် ဖေဖော်ဝါရီလ ၄ ရက်က တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းခြေအလွန်တွင် ပစ်ချခဲ့သော အရာဝတ္တုထက် အရွယ်အားဖြင့် များစွာသေးငယ်ကြောင်း ပြောခဲ့သည်။
ပစ်ချခံလိုက်ရသော အရာဝတ္တု၏ အပျက်အစီးအပိုင်းအစများက ခဲနေသောရေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး တာဝန်ရှိသူများအနေနှင့် ယခင်အပတ်က ပစ်ချခဲ့သော ကြီးမားသည့်ပူဖောင်းထက် ၎င်း အပျက်အစီးများကို ပို၍မြန်ဆန်စွာ ရှာဖွေတွေ့နိုင်ရန် မျှော်လင့်ထားကြသည်။ အမေရိကန်လေတပ်မှ ရဟတ်ယာဉ်များကလည်း ရှာဖွေရေးလုပ်ငန်းများကို စတင်နေကြပြီဖြစ်ကြောင်းသိရသည်။
Ref—-AP