၁၁. ၂. ၂၀၂၃
Written By Thandar
အိန္ဒိယနိုင်ငံက Ph.D ဒေါက်တာဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် ဒေါက်တာအရှင်ဝိမလနဲ့ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်ထေရာဝံသ အရှင်သူမြတ်နှစ်ပါးတို့ကို ပူဇော်ဂုဏ်ပြုတဲ့ “ဂုဏဝိသိဠပူဇာသဘင်” အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြိုသစ်ရှိ မဟာရန်ကုန်ဓမ္မရိပ်သာကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
ဂဏဝါစက စာချဆရာတော်ဖြစ်တဲ့ အရှင်သူမြတ်နှစ်ပါးရဲ့ ကျေးဇူးတော်ရှင်အောင်သီတာဆရာတော်နဲ့ ခုနှစ်ရက် သားသမီး သူတော်စင်အပေါင်းတို့က စုပေါင်းချီးကျူး ဂုဏ်ပြုပူဇော်အပ်တဲ့ပွဲလည်းဖြစ်ပါတယ်။
“ဆရာတော်က ၂၀၁၅ မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို သွားရောက်ပြီး ပညာသင်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဆွာမိဝိဝေကာနန္ဒဆုဘာသိတက္ကသိုလ်၊ ဂေါတမ်ဗုဒ္ဓတက္ကသိုလ်က Ph.D ဒေါက်တာဘွဲ့တံဆိပ်တော်ကို ရရှိခဲ့တာဖြစ်တယ်။ ဒီဘွဲ့တံဆိပ်ကို ရဖို့အတွက် ၄ နှစ်တိတိကြာခဲ့တယ်။ ဒီလိုမျိုး ဒေါက်တာဘွဲ့ကို ရဖို့အတွက် ၇ နှစ် ကျော်ဖြတ်ခဲ့ရတယ်။ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ဒီဘွဲ့ကိုရရှိခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း လောကကောင်းကျိူး၊ သာ့သနာ့အကျိုးကို ဆက်လက် ဆောင်ရွက်သွားပါမယ်”လို့ Ph.D ဒေါက်တာဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် ဒေါက်တာအရှင်ဝိမလက မိန့်တော်ကြားပါတယ်။
အဆိုပါ ဂုဏ်ပြုပူဇာပွဲသဘင်ကို ကြွရောက်တော်မူလာကြတဲ့ ဆရာတော်သံဃာတော်အရှင်သူမြတ် သူတော်စင်ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်ခဲ့ပြီးနောက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်)က ဗုဒ္ဓရောင်ခြည်တော်ဖွင့်တေး သီကျူးပူဇော်ခဲ့ကြပါတယ်။
ထို့အပြင် အောင်သီတာဆရာတော် ဘဒ္ဒန္တဓမ္မာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ)ကျောင်း တိုက်ကြီး ၇ တိုက်တို့ရဲ့ ဦးစီး ပဓာနမဟာနာယကဆရာတော် မထေရ်မြတ်ထံက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်က တရားဟောကြားချီးမြှင့်ပေးခဲ့ပါတယ်။
ထို့နောက် Kids Star International 2022 2nd Runner Up ဆု၆ဆုရှင် Mini Master မောင်ရှင်းလရောင်က နေသိဒ္ဓိ၊ လာဘသိဒ္ဓိ ပြီးပြည့်စုံတဲ့ ဝိဇ္ဇာအထက်ပုဂ္ဂိုလ်တွေကို ဇော်ဂျီအကနဲ့ ပူဇော်ခဲ့သလို ရန်ကုန်သားလေးကျွန်တော် တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။