◾️ အသက်ရှင်ကျန်ရစ်သူအများစုမှာ ငလျင်ဒဏ်ပြီးနောက် အအေးလွန်ကဲမှုနှင့် နှင်းထူထပ်မှု ဘေးဒဏ်နှင့် ထပ်မံရင်ဆိုင်နေရ
၁၁. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံ တောင်ပိုင်းနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတိုအတွင်း ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်လှသည့် မြေငလျင်ကြောင့် ငလျင်လှုပ်ခတ်အပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၁၁ ရက် နံနက်တွင် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံပေါင်း၌ ငလျင်ကြောင့်သေဆုံးသူ အနည်းဆုံး ၂၃,၈၃၁ ဦးအထိမြင့်တက်လာကာ ထောင်ပေါင်းများစွာသောပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောခဲ့ကြသည်။
ထိုပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲက နှစ်နိုင်ငံစလုံး၌ ငလျင်၏ဒဏ်ကို ဆိုးရွားစွာခံခဲ့ရသူ ပြည်သူပေါင်း ၂၃ သန်းအထိရှိမည်ဟု ခန့်မှန်းခဲ့သည်။
ငလျင်ကြောင့် သေဆုံးရသူအရေအတွက်မှာ တူရကီနိုင်ငံ၌ ဖေဖော်ဝါရီ ၁၁ ရက်နံနက်တွင် စုစုပေါင်းသေဆုံးသူ ၂၀,၃၁၈ ဦးသို မြင့်တက်လာကာ ဒဏ်ရာရသူ ၈၀,၀၅၂ ဦးထိ ရှိလာကြောင်း တူရကီနိုင်ငံ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုအေဂျင်စီက ပြောခဲ့သည်။
ဆီးရီးယားနိုင်ငံ၌လည်း အစိုးရထိန်းချုပ်ထားသောနယ်မြေများတွင် ငလျင်ကြောင့်သေဆုံးသူ ၁,၃၄၇ ဦးနှင့် နိုင်ငံအနောက်မြောက်ဖက် လက်နက်ကိုင်သူပုန်များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် White Helmets ခေါ်မြိုပြကာကွယ်ရေးအုပ်စု၏ ပြောကြားချက်အရ ၂,၁၆၆ ဦး ရှိကြောင်းသိရရာ ဖေဖော်ဝါရီ ၁၁ ရက် နံနက်တွင် ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးသူ စုစုပေါင်း ၃,၅၁၃ ဦးရှိလာပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့သည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံအတွင်း ငလျင်ကြောင့်သေဆုံးရသူ စုစုပေါင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်နံနက်တွင် အနည်းဆုံး ၂၃,၈၃၁ ဦး အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ်ခံရသောဒေသအတွင်း အဆောက်အအုံပေါင်းများစွာလည်းပြိုလဲခဲ့ကြပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲများက တိုက်တာအဆောက်အအုံအပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်နေနိုင်သူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေကြဆဲဖြစ်သည်။ နှစ်နိုင်ငံစလုံးတွင်ပင် အသက်ရှင်ကျန်ရစ်သူအများစုမှာ အိုးမဲ့အိမ်မဲ့များဖြစ်လျက်ရှိကြပြီး ဒေသအတွင်း အအေးလွန်ကဲမှုနှင့် နှင်းထူထပ်စွာကျလာမှုတို့ကြောင့် ၎င်းတို့၏ကျန်းမာရေးမှာ ကြောက်မက်ဖွယ် ဆိုးဆိုးရွားရွားဖြစ်၍ ငလျင်ဒဏ်ပြီးနောက် ဒုတိယမြောက် သဘာဝဘေးဒဏ်နှင့်ရင်ဆိုင်နေကြရသကဲ့သို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောခဲ့သည်။
Ref—-CNN