၁၁. ၂. ၂၀၂၃
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် တာ့ခ်ခရိုင် Wang Chao ဒေသ စိုက်ခင်းအတွင်း ထိုင်းနိုင်ငံသား မိသားစုဝင် ၅ ဦးကိုသတ်ဖြတ်ခဲ့သူအဖြစ် အဓိကသံသယရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို စုံစမ်းရှာဖွေလျက်ရှိနေကြောင်းသိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ Jia Saengsawang၊ အသက် ၄၆ နှစ်အရွယ်ရှိ Chao Manpatanakarn နှင့် သားသမီးသုံးဦးတို့ကို ဆက်သွယ်၍မရသဖြင့် ဆွေမျိုးများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် တာ့ခ်ခရိုင် Sri Khiri Rak မြို့နှင့် ၁၀ ကီလိုမီတာအကွာရှိ Nakhiri စမ်းချောင်းနားတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က သေဆုံးလျက်ရှိနေသော ထိုင်းမိသားစုဝင် ၅ဦးကို တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများသည် သေနတ်ဖြင့် အပစ်ခံရသလို ဓားဖြင့်ထိုးသွင်းခံရမှုများရှိနေခဲ့ပြီး အခင်းဖြစ်ပွားရာနေရာနားတွင် ၉ မီလီမီတာကျည်ဆံအခွံနှင့် ဂျင်းအတက်များထည့်ထားသော ပလက်စတစ်အနက်ရောင်အိတ်ကိုလည်း တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် Phokphapob Bodeepitak သည် ထိုင်း မိသားစုဝင် ၅ ဦးအသတ်ခံရမှုကို ဦးဆောင်စုံစမ်းလျက်ရှိနေကြောင်း ထိုင်းမီဒီယာများကဖော်ပြသည်။
ထိုင်းသတင်းများ၏ဖော်ပြချက်ရ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး သေဆုံးသူများ၏ ဂျင်းစိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ခဲ့သော မြန်မာနိုင်ငံသားအလုပ်သမားများကို အဓိကသံသယရှိနေကြောင်း၊ သိရသည်။ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းရေးအဖွဲ့သည် အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး ဂျင်းစိုက်ပျိုးရေးခြံတွင်အလုပ်လုပ်ခဲ့သော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား သုံးဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။
သံသယရှိခံရသော မြန်မာနိုင်ငံသားသုံးဦးသည် စိုက်ပျိုးရေးခြံတွင် သုံးနှစ်ကြာအလုပ်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ထွက်ပြေးနေကာ မဲဆောက်မြို့အနီးရှိ Baan Mae Lamao Noi ရွာတွင်ပုန်းအောင်းနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေသည်။
စုံစမ်းစစ်ဆေးမှုတွင်ပါဝင်သော Wang Chao ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Wasant Sirikarnkomol က စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သော ဖေဖော်ဝါရီ ၈ ရက်နေ့က စိုက်ခင်းတွင် အသုံးပြုနေသော ထွန်စက်ကိုလည်း မတွေ့ရသလို စိုက်ပျိုးရေးခြံတွင် သုံးနှစ်ကြာအလုပ်လုပ်နေသော မြန်မာနိုင်ငံသားအလုပ်သမားသုံးဦးကိုလည်း မတွေ့ရကြောင်းလူသတ်မှုကျူးလွန်ပြီးနောက် မြန်မာနိုင်ငံသားသုံးဦးသည် ထွန်စက်ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးခြံတွင် အသုံးပြုသော ထွန်စက်ကို မဲဆောက်မြို့ Baan Mae Lamao Noi ရွာနားတွင် ပြန်လည်တွေ့ရှိထားပြီး လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိသူများနှင့် လူသတ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော သေနတ်နှင့်ဓားများကို လက်ရှိအချိန်အထိ မတွေ့ရသေးကြောင်း သိရသည်။
ဂျင်းစိုက်ပျိုးရေးခြံပိုင်ရှင်ဖြစ်သော အသက် ၄၆ နှစ်အရွယ်ရှိ Chao Manpatanakarn သည် ပျောက်ဆုံးလျက်ရှိနေသော မြန်မာနိုင်ငံသား သုံးဦးအပါအဝင် စိုက်ခင်းအတွင်းလုပ်ကိုင်နေသော အလုပ်သမားများကို ပုံမှန်ဆူပူကြိမ်းမောင်းလေ့ရှိနေပြီး ၉ မီလီမီတာ ပစ္စတိုဖြင့် ခြိမ်းခြောက်မှုများ လုပ်လေ့ရှိကြောင်း စုံစမ်းရေး ရဲအရာရှိများကပြောသည်။
အဆိုပါလူသတ်မှုသည် လုပ်ခလစာနှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားကာ အလုပ်သမားများကို လစာမပေးသည့်အတွက် ဖြစ်ပွားခဲ့ရခြင်းဖြစ်ဖွယ်ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် သံသယရှိသော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနှင့်မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင် အရှိန်မြှင့်ရှာဖွေနေသော်လည်း မြန်မာနိုင်ငံသားများ၏အမည်များကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။
ref – matichon