၁၀. ၂. ၂၀၂၃
Written by Thettant
ရှမ်းပြည်နယ် ကျိုင်းတုံ-မိုင်းဆတ်လမ်း ပန်လီရွာအကျော်၌ ယနေ့နံနက် ၁၀ နာရီခန့်အချိန်တွင် လူ ၁၂ ဦးစီးလာသည့် REVO ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျသဖြင့် ယာဥ်ပေါ်ပါ လူငါးဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃) အကြား၊ ပန်လီကျေးရွာအနီးတွင် REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ ၁၀၀၀ ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။
“ကနဦးစစ်ကြည့်တာကတော့ ကလပ်ပလိတ်ပြားပေါက်သွားတာကနေ အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာ။ လူတွေကတော့ အကုန်ဆေးရုံပို့ပြီးသွားပါပြီ။ ကားကို ပြန်ဆွဲတင်နိုင်ဖို့တော့ ကြိုးပမ်းနေဆဲပါ”ဟု အဆိုပါ ကူညီမှုတွင် ပါဝင်သူတစ်ဦးက ဆိုသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦးနှင့် မ(၇)ဦး စုစုပေါင်း(၁၂)ဦးအနက် ကျား (၂)ဦး၊ မ (၃)ဦး (သေဆုံး)၊ ကျား(၃)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီမှုအသင်းမှယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျိုင်းတုံမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နာရေးကူညီမှုအသင်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။