၁၀. ၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန်အတွက် သံတမန်ရေးရာအရ ကြိုးပမ်းမှုများ ရုန်းကန်နေရချိန်တွင် ထိုင်းနိုင်ငံကို အဓိကအခန်းကဏ္ဍက ပါဝင်စေလိုကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်းတောင်းဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရသည် နစကနှင့် ပုံမှန်အတိုင်း ဆက်ဆံရေးကိုထိန်းသိမ်းနေခြင်းကြောင့် နိုင်ငံတကာအဖွဲ့စည်းများ၏ ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်နေရကြောင်းသိရသည်။
“နစကနဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့လည်း မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မှုတွေကို ဖော်ပြပြောဆိုဖို့ ပိုမိုကောင်းမွန်တဲ့အနေထားမျိုးနဲ့ရှိနေမယ်လို့ မျှော်လင့်ထားတယ်”ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့က သံတမန်ရေးအရ ကြားဝင်ကူညီပေးနေသော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရဘဲဖြစ်နေကြောင်း သိရသည်။
အာဆီယံအဖွဲ့သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလတွင် နစကအကြီးအကဲနှင့်တွေ့ဆုံပြီး အာဆီယံသဘောတူညီချက်ငါးချက် ရရှိခဲ့သော်လည်း အဆိုပါ သဘောတူညီချက်များ လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်း ဝေဖန်မှုများလည်းရှိနေသည်။
အာဆီယံသဘောတူညီချက်များ တိုးတက်မှုမရှိဘဲဖြစ်နေချိန်တွင် ထိုင်းနိုင်ငံက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားခဲ့ရာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာနိုင်ငံတို့က တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး နစကကို ဝေဖန်ခဲ့သော အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ်က အာဆီယံအဖွဲ့အနေဖြင့် စုစည်းညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကလည်း မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စုစည်းညီညွတ်စွာရှိရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ref – malaymail