၁၀. ၂. ၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံတွင်းသိုလှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရပြီး ဆိုက်ဘာလိမ်လည်အမြတ်ထုတ်မှုများ ပြုရန်ဆောင်ရွက်ပေးရေး အတင်းအကြပ်စေခိုင်းခံခဲ့ရသော မလေးရှားနိုင်ငံသားအလုပ်အကိုင်ရှာဖွေသူ ငါးဦးမှာ မြန်မာနိုင်ငံပိုင်နက်အတွင်းရောက်ရှိနေရာမှ ထိုင်းကြည်းတပ်ကပြန်လည်ကယ်ဆယ်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်းခံရရန် ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိနေကြကြောင်းသိရသည်။
အဆိုပါ မလေးရှားနိုင်ငံသားငါးဦး၏သတင်းကို ရရှိပြီးနောက် ထိုင်းကြည်းတပ် အဖွဲ့တစ်ဖွဲ့က မြဝတီမြို့တောင်ဖက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာနယ်မြေ၊ ထိုင်းမြန်မာနယ်စပ်၊ သောင်းရင်းမြစ်နံဘေးရှိ KK Garden ကာစီနိုဆိုင်မှ ဖေဖော်ဝါရီ ၃ ရက်တွင် ဝင်ရောက်ကယ်ဆယ်ခဲ့ခြင်းဟုဆိုသည်။
ကယ်ဆယ်ခဲ့သူများတွင် အသက် ၂၀ အရွယ် အဒမ် အစ်စကန်ဒွ တူကီမန်၊ အသက် ၁၉ နှစ်ရှိ အက်မာ ဟန်ဆန်၊ အသက် ၂၅ နှစ်ရှိ ခါမီးလ် အက်ဘ် ဟာမစ်၊ အသက် ၁၉ နှစ်ရှိ နာ ဖီထရီရာနီ အဗ္ဗဒူလာ နှင့် လီဇီကွန် ဆိုသူများပါဝင်၍ ၎င်းတို့ကို ထိုနေရာတွင် ဖမ်းချုပ်ထားခြင်းဟု ဆိုသည်။ ၎င်းတို့ အနေဖြင့် လိုအပ်သောလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပြီးပါက ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံးထား၍ မလေးရှားသို့ ပြန်ရောက်ကြလိမ့်မည်ဟုမျှော်လင့်ကြောင်းလည်း သတင်းများကဆိုသည်။
အခြားသောမလေးရှားနိုင်ငံသားတစ်ဦးကိုမူ ကယ်တင်ခြင်းမပြုနိုင်ခဲ့ကြောင်းသိရသည်။ ၎င်း၏အမည်ကိုမူ လုံခြုံရေးအရ ထိုင်းဘက်က ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။ ထိုမလေးရှားနိုင်ငံသားက ဖေဖော်ဝါရီ ၇ ရက်တွင် ထွက်ပြေးလွတ်မြောက်လာမည်ဟု ယူဆရသော်လည်း ၎င်းက ထိုင်းအာဏာပိုင်များစောင့်ဆိုင်းနေရာ ချိန်းဆိုထားသည့်နေရာသို့ မြစ်ကိုဖြတ်၍ ရောက်ရှိလာခြင်းမရှိခဲ့ပေ။
Ref—-Bernama