◾ပြည်သူ့အလှူငွေများအား ကိုခန့်သူက စိတ်ကြိုက်သုံးစွဲကာ အလွဲသုံးစားပြုခဲ့ဟု NUG ပြော
၁၀. ၂. ၂၀၂၃
Written by Nay Moe
နွေဦးတော်လှန်ရေးဟုဆိုကာ CDM ပြုလုပ်ကြသော ကျောင်းသားများနှင့် ဆရာများအတွက် ပြည်သူ့အလှူငွေဖြင့် ကျောင်းပေါင်းများစွာထူထောင်ခဲ့သည့်အနက် တစ်ကျောင်းအပါအဝင်ဖြစ်သည့် FOEIM (Free Online Educational Institution Myanmar) တည်ထောင်သူ ကိုခန့်သူက ပြည်သူ့အလှုငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ကိုယ်ကျိုးသုံးအလွဲသုံးစားပြုလုပ်မှုပေါ်လွင်သော်လည်း NUG ၏ ပညာရေးဝန်ကြီးဌာနက ထိရောက်စွာအရေးမယူနိုင်သည့်အပေါ် ငွေကြေးလှူဒါန်းသူပြည်သူများက ဝေဖန်နေကြသည်။
ကိုခန့်သူ၏ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုသည့်ဖြစ်စဥ်အပေါ် တိုင်ကြားမှုကြောင့် NUG – MOE က ကြားနာစုံစမ်းရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးချိန်တွင် ကိုခန့်သူမှာ ပြည်သူ့အလှူငွေများကို တစ်ဦးတည်းကိုင်တွယ်သုံးစွဲကာ ကိုယ်ကျိုးရှာမှုများလည်းပြုလုပ်ခဲ့သည်ဟု ကြားနာစုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိသော်လည်း ထိရောက်စွာအရေးယူမည့်အစီအစဥ်မပါဝင်မှုအပေါ် ငွေကြေးလှုဒါန်းသူပြည်သူများက NUG-MOE ကို မေးခွန်းထုတ်လာကြခြင်းဖြစ်သည်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ သမီး မရည်မွန်သန့်၏ အမျိုးသား ကိုအောင်မြတ်သူက LPDF များအပါအဝင် အပြစ်မဲ့ပြည်သူ လူပေါင်း ၂၀ ကျော် သတ်ဖြတ်ခဲ့သည့် NUG ဩဇာခံ ယင်းမာပင် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ၏ ကိုယ်ရေးအရာရှိ(လက်ထောက်)အဖြစ် ပတ်သက်နေသဖြင့် ဗိုလ်သံမဏိအဖွဲ့၏ တရားလက်လွတ်သတ်ဖြတ်မှုကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထိရောက်စွာအရေးမယူနိုင်သကဲ့သို့ ယခုအချိန်တွင် ပြည်သူ့အလှုငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ကို အလွဲသုံးစားပြုကိုယ်ကျိုးရှာမှုဖြင့် တိုင်ကြားခံရသည့် ကိုခန့်သူမှာလည်း နွေဦးဆရာအတတ်သင်တက္ကသိုလ်အဓိပတိ ဒေါက်တာသိန်းလွင်၊ ဦးကျော်မိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး စသူတို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သဖြင့် အရေးမယူခြင်းဖြစ်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများရှိနေသည်။
“ခန့်သူ လိမ်ထားတဲ့သိန်းပေါင်း ၃ (သောင်း) ကျော် ခင်ဗျားတို့ခုချိန်ထိမရှင်းပေးနိုင်ဘူး။ ခန့်သူနဲ့ ဝန်ကြီးတွေနဲ့ကဘာလား ? “ဟု Aung Ko အမည်ဖြင့် Facebook သုံးစွဲသူက NUG ၏ ပညာရေးဝန်ကြီးဌာန Page ၏ FOEIM နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးစီးကြောင်း အစီရင်ခံစာအောက် မှတ်ချက်ပြုသည်။
NUG-MOE က ယနေ့ထုတ်ပြန်သည့် ကြားနာစုံစမ်းရေးအဖွဲ့၏ အပြီးသတ် စုံစမ်းစစ်ဆေးအစီရင်ခံစာတွင် “ကျောင်းလခများကောက်ခံပြီး ဆရာ၊ ဆရာမများ Data Support အတွက် ငွေကြေးတာဝန်ယူမှုမရှိသော ကိုခန့်သူနှင့် ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင် ပြုလုပ်ခဲ့သူများအားလုံးကို ပညာရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) အတိုင်း သက်ဆိုင်ရာဥပဒေများအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း မိဘပြည်သူများ၏ ငွေကြေးများကို စိတ်ကြိုက်စီမံခန့်ခွဲသုံးစွဲသူ ကိုခန့်သူအပါအဝင် အလွဲသုံးစားပြုသူများကို ရှာဖွေဖော်ထုတ်ရန်၊ တိုင်ကြားသည့်အဖွဲ့နှင့် တိုင်ကြားခံရသူနှစ်ဦးနှစ်ဖက်စလုံးကို ခေါ်ယူသတိပေးရန် စသည်ဖြင့် ဖော်ပြထားသည်။
“ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာပါပဲ။ ငွေကြေးအလွဲသုံးစားမှုပြဿနာ ဖြေရှင်းလိုက်တာ FOEIM ကျောင်းတက်နေသူတွေကို NUG.MOEက အသိအမှတ်ပြုဖို့လျှောက်မထားဘူးဆိုပြီး အသိအမှတ်ပြုပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကျောင်းသားတွေ မိဘတွေပါ စိုးရိမ်ဒေါသထွက်ရအောင် ပတ်ရမ်းလိုက်သေးတယ်။ ပြည်သူ့ဆီက လိမ်သွားတဲ့သူတွေကို စာရင်းစစ်ပြီးသေချာနေတာတောင် အခုထိ တရားခံလို့ မသုံးနှုန်းရဲတာလည်း အံသြစရာပါ။ ဒီအမှုက NUG MOE ရဲ့ ပုံရိပ်ကို အကျိုးသက်ရောက်မှု ကြီးပါတယ်။ စုံစမ်းရေးအဖွဲ့က တရားခံရဲ့ အပြစ်ကို သိနေတာတောင် တိတိပပ မဖော်ပြဘဲ နုကြည်မိုး(NUG-MOE)ရဲ့ မျက်နှာ အိုးမည်းသုတ်သွားတာပါ”ဟု Min CoCo အကောင့်ပိုင်ရှင်က NUG-MOE ၏ ထုတ်ပြန်ချက်အောက်တွင် ဝေဖန်ထားသည်။