၁၀. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံတောင်ပိုင်းနှင့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတို့၌ ဖေဖော်ဝါရီ ၆ ရက် နံနက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့သော အဆောက်အအုံများစွာ၏ အပျက်အစီးများအကြား ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ၊ ငလျင် လှုပ်ပြီး နာရီ ၉၀ အကြာတွင် ဆယ်နှစ်အရွယ် တူရကီမိန်းကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ခုနစ်လခန့်လွယ်ထားရသည့် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို တူရကီနိုင်ငံ၊ ဟာတေးပြည်နယ်အတွင်း ပြိုကျအဆောက်အအုံတစ်ခု၏ အပျက်အစီးပုံများအောက်မှ ဖေဖော်ဝါရီ ၉ ရက် ညပိုင်း၊ ငလျင်လှုပ်အပြီး နာရီ ၉၀ ခန့်အကြာတွင် အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဟု ဒေသခံမီးသတ်တပ်ဖွဲ့က ကြေညာချက်ထုတ်ခဲ့သည်။ မိန်းကလေးငယ်အား ကယ်ဆယ်မှုပြုခဲ့ပြီးနောက် ၎င်းက နွားနိုကို ဦးစွာတောင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဟီလာ ဆက်ဂလမ် အမည်ရှိ ထိုမိန်းကလေးငယ်၏ အသံကို အပျက်အစီးပုံများအောက်တွင် ကြားခဲ့ရပြီးနောက် ကယ်ဆယ်ရေးသမားများက ခုနှစ်နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းကို တိကျသေချာစွာဆောင်ရွက်ခဲ့ကြရကာ ငလျင်လှုပ်ပြီး နာရီ ၉၀ ခန့်အကြာတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့သည်။ မိန်းကလေးငယ်မှာ ဒဏ်ရာများရရှိထား၍ ထမ်းစင်ဖြင့်တင်ကာ ဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ပေးခဲ့ကြောင်း သိရသည်။
အလားတူပင် ကယ်ဆယ်ရေးသမားများက တူရကီနိုင်ငံ၊ ခါရာမန်မာရာ့စ်ပြည်နယ်အတွင်း ဒန်လူပီနာမြို့တွင် ကိုယ်ဝန်ခုနှစ်လခန့်ရှိ အမျိုးသမီးတစ်ဦးကို အဆောက်အအုံအပျက်အစီးပုံများအောက် နာရီ ၉၀ ခန့်ရောက်ရှိနေရာမှ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြသည်။ အသက် ၃၅ နှစ်ရှိ နိုင်ငံခြားသူအမျိုးသမီးတစ်ဦးဖြစ်သည့် ဟီနီ ဟမ်မီကို အား အပျက်အစီးပုံများအောက်မှခဲယဉ်းစွာ အသက်ရှင်လျက်ဆွဲထုတ်နိုင်ခဲ့ကြပြီး မိခင်ရော၊ ကိုယ်ဝန်ဆောင်ကလေးပါ ကျန်းမာကြကြောင်းသိရသည်။
Ref-APA