၁၀. ၂. ၂၀၂၃
Written By Thandar
ခေတ်သစ်အရုဏ်ဦးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်သူ မျိုးကျော်ဦးရဲ့ ဘဝအမောတွေပြေစေမယ့် “ကျမယောက်ျားကျားကျား”ရုပ်ရှင်ဇာတ်ကားကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တင်ဆက်ပြသနေပြီဖြစ်ပါတယ်။
ပြည်ကြီးအနေနဲ့သရုပ်ဆောင် မြင့်မြတ်က ကုန်တင်ကားမောင်းသလို ညောင်ပိန္နဲရွာမှာ အမြဲဂိတ်ထိုးပြီး တစ်ရွာတစ်ကျည်ဆောက်သူလည်း ဖြစ်ပါတယ်။ ကားစပါယ်ယာ ဂျိုက်စိုးဖြစ်တဲ့ ခင်လှိုင်ကတော့ ပြည်ကြီးကို သူ့ရဲ့ ကိုကြီးအာစရိဆိုပြီး အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ပြဿနာရှာလာတတ်သူပါ။ ပြည်ကြီးကတော့ အဖောက်သမား မဟုတ်သလို အသောက်သမားတစ်ယောက်ဖြစ်ပါတယ်။ ဂျိုက်စိုးကတော့ မိန်းကလေးမြင်ရင်မရအောင် မွှေတတ်တဲ့သူပါ။ ပြည်ကြီးက အကြွေးရှိရင် မနေတတ်သလို ဂျိုက်စိုးရဲ့ မွှေချက်ကတော့ အကြွေးရှင်လိုက်လာတဲ့အထိဖြစ်ခဲ့ပါတယ်။
စိန်ပန်းအနေနဲ့သရုပ်ဆောင်တဲ့ အိချောပိုကတော့ ရွာကအော့ကြောလန် ပိုက်ဆံရတဲ့အလုပ်မှန်သမျှ အကုန်လုပ်ပါတယ်။ အရက်ဘုံဆိုင် ဖွင့်တယ်။ အတိုးပေးတယ်။ နှစ်လုံး သုံးလုံးရောင်းပါတယ်။ စိန်ပန်းရဲ့ အရက်ဘုံဆိုင်မှာ ပြည်ကြီးက ပုံမှန်ဖောက်သည်ပေါ့။ ပြည်ကြီးကလည်း သောက်သမျှ ဘယ်တော့မှပိုက်ဆံမရှင်းဘဲ စိန်ပန်းရဲ့ အလုပ်ကို မိုက်ကြေးခွဲမူကြုံရင် အကာအကွယ်ပေးတတ်သူပေါ့။ စိန်ပန်းက အရာရာလက်ရဲဇက်ရဲဖြစ်တဲ့ ပြည်ကြီးကို သဘောကျနေသူလည်း ဖြစ်ပါတယ်။ ပြည်ကြီးကို တစ်နေ့ ပိုင်ဆိုင်ရမယ် ရည်မှန်းချက်နဲ့နေထိုင်နေသူပါ။ ပြည်ကြီးက အကြွေးရှိရင် မနေတတ်တဲ့အတွက် အကြွေးပေးစရာရှိသူ စိန်ပန်းကို အကြွေးဆပ်စရာရှိလို ယူလိုက်တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဟာသတွေ၊ ဖိုက်တင်းခန်းတွေ၊ အချစ်ဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်တွေရဲ့ ဘဝအမောတွေ တခဏအတွင်း ပြေပျောက်စေဖို့ ပိတ်ကားပေါ်မှာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း – ညာလက်တော်နဲ့ မင်းကိုစိုး (နတ်သံကွင်း) က ရေးသားပြီး၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က စီစဥ်ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အိချောပို၊ ခင်လှိုင်၊ ဘုန်းလျှံ၊ ပွင့်နဒီမောင်၊ သီရတီ၊ ပန်းသီး၊ ရန်ပြေ(ကျော်ကြီး)၊ သီဟ၊ မင်းကိုစိုး၊ သူဇာပွင့်၊ ဇာခြည်လွင်၊ ယမင်းကျော်နဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။