MT News
Written By Thandar
အနုပညာအလုပ်တွေနဲ့ ၂ နှစ်ကျော်ကွာဝေးသွားတဲ့ လူရွှင်တော် သရုပ်ဆောင်ကျော်ထူးကတော့ ကျန်းမာရေး မကောင်းချိန်မှာ အနုပညာမောင်နှမတွေဆီ ဖုန်းဆက်ရင် ငွေရေးကြေးရေး အကူအညီတောင်းမလားဆိုတဲ့ ပုံစံမျိုးတွေ့လာတဲ့အခါ ဘယ်သူဆီမှ ဖုန်းမဆက်တော့သလို ဖုန်းဆက်တာကိုလည်း ချေးနိုးနိုးငှားနိုးနိုး ဆက်တယ်လို့ ထင်ခံရမှာ စိုးရိမ်လို့ ဘယ်သူ့ဆီမှ ဖုန်းမဆက်တော့ဘူးလို့ MT News Entertainment ကို ဖွင့်ဟလာပါတယ်။
“ကျွန်တော့် ကျန်းမာရေးအရ ညာဘက်တစ်ခြမ်းက လေဖြန်းချင်သလိုဖြစ်သွားတယ်။ မင်းသား ထူးခန့်ကျော် ဆီ ၂ ရက်လောက် သွားကုဖြစ်ပါတယ်။ ကိုယ်တွေလိုအနုပညာသမားဆိုတော့ သူ အခုလိုကုနိုင်မယ် မထင်ထားဘူး။ တကယ်တမ်းသူနဲ့ ကုလိုက်တော့ တော်တော်လေးကောင်းသွားတယ်။ အနုပညာမလုပ်တာ ကြာတော့ ခုနေ အငြိမ့်ကမယ်ဆိုရင်တောင် ပြက်လုံးတွေမပြက်တတ်တော့ဘူး။ မေ့ကုန်တာပေါ့။ အနုပညာသက် ၇ ရက် ၊ သဘင်အသက် ၇ ရက်ဆိုပြီးရှိတာကိုး။ ဇာတ်ကားရိုက်မယ်ဆို ပြန်လေ့ကျင့်ရမယ်။ အနုပညာသမားကလည်း ကျန်တာသိပ်မလုပ်တတ်ဘူး။ လေဖြန်းသွားတော့ အားအရမ်းငယ်သွားခဲ့တယ်။ သားသမီးတွေက ဝိုင်းအားပေးကြတယ်။ ကျွန်တော်ကိုယ်တိုင် လေဖြန်းတာ ခံစားရတော့ လေဖြတ်သူတွေကို ကိုယ်ချင်းစာတတ်သွားခဲ့တယ်။ သမီးဖြစ်သူလည်း နံရိုးကျိုးသွားတော့ ၃ လလောက် အိပ်ယာပေါ်လဲနေတယ်။ အရမ်းအားငယ်ပြီးတော့ မျှော်လင့်ချက် ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး။ဆေးကုသဖို့ ငွေရေးကြေးရေးက အရမ်းလိုအပ်တယ်။ တော်တော်လေး ရုန်းခဲ့ရတယ်။ ပရိသတ်ရှိနေသ၍ ကျွန်တော့်အနုပညာကို အသက်ရှင်နေသ၍တော့ လုပ်ဦးမှာပါ”လို့ လူရွှင်တော် သရုပ်ဆောင် ကျော်ထူးက ပြောပါတယ်။
ကိုဗစ်ဖြစ်တဲ့ကာလမှာ လေဖြန်းသလိုဖြစ်တော့ ကိုဗစ်ကူးစက်မှာ ကြောက်ခဲ့ရသလို အနုပညာအလုပ်တွေ ရပ်နားထားတော့ ငွေရေးကြေးရေးလည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်ထူးရဲ့ မွေးစားသား ဇာတ်ပို့ဇာတ်ရံဇော်ဇော်က ကားမောင်းပြီး ထူးခန့်ကျော်ဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ သမီးဖြစ်သူကလည်း အဝတ်ဗီရို မ,ရွေ့ရင်းက ဗီရိုပြုတ်ကျပြီး နံရိုးသုံးချောင်း ကျိုးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကျန်းမာရေး မ ကောင်းတဲ့ အချိန် အနုပညာသမားတွေနဲ့ အကုန်လုံးနဲ့လည်း ကင်းကွာသွားတယ်လို့ ဆိုပါတယ်။
“ကျွန်တော် ကျန်းမာရေးမကောင်းတော့ အနုပညာသမားတွေနဲ့ တော်တော်လေးကင်းကွာသွားခဲ့တယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ အနုပညာလုပ်ဖော်ကိုင်ဘက်တွေကို ဖုန်းဆက်ပါမယ်။ သူတို့အဆင်ပြေကြလား။ ကိုယ့်စိတ်လေး အပြောင်းအလဲဖြစ်အောင်ဖုန်းဆက်ကြည့်ချင်တာပါ။ ဒါပေမယ့် သူတို့ဆီ ဖုန်းဆက်ရင် ငွေရေးကြေး ရေးအကူညီတောင်းမလား ဆိုတဲ့ ပုံစံမျိုးတွေ့လာတဲ့အခါ ကျွန်တော် ဘယ်သူ့ဆီမှ ဖုန်းမဆက်တော့ပါဘူး။ ကျွန်တော့်ကို ချေးနိုးနိုးငှားနိုးနိုး ထင်ခံရမှာစိုးရိမ်လို့ဘယ်သူ့ ဆီမှ ဖုန်းမဆက်တော့ဘူး” လို့ သူကဆက်ပြောပါတယ်။