MT News
Written by Min Mahar
ယမန်နေ့ နေ့လည်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရုံးရှေ့၌ ထိုင်နေသော ဆယ်အိမ်မှုးအား သေနတ်သမားများက ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက် နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော် တောင်ရပ်ကွက်၊ အကွက် (၄၄၈)၊ ၈၆ လမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အသက် ၂၇ နှစ်အရွယ် ဆယ်အိမ်မှူးသည် ထိုင်နေစဉ်အတွင်း သေနတ်သမား ၂ ဦးမှ ရုံးရှေ့ ဒူးကြားလမ်းအတိုင်း အနောက်မှ အရှေ့သို့ CZI ဆိုင်ကယ်အမျိုးအစား အနက်ရောင်ဖြင့် မောင်းနှင်လာပြီး နောက်မှ ထိုင်လိုက်လာသူက ဆယ်အိမ်မှူးအား ပစ္စတိုသေနတ်ဖြင့် ၂ ချက် ပစ်ခတ်သွားပြီး ဒူးကြားလမ်းမှ ၈၆ လမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဆယ်အိမ်မှူးသည် ညာဘက်ခြေကျင်းဝတ် ဖောက်ဝင်သွားသည့် ဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ) ရရှိသဖြင့် တဝမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် Luger ရွှေရောင်ကျည်ခွံ ၁ ခု၊ ကျည်ထိပ်ဖူး ၁ ခုတို့ သိမ်းဆည်းရမိခဲ့ပြီး သေနတ်သမားများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။