၉. ၂. ၂၀၂၃
Written by Nay Moe
ရာဖူးရွာသစ် ကျောင်းထိုင်ဆရာတော်ဦးဥက္ကဋ္ဌနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်များ စုစုပေါင်း ရှစ်ဦး ပါဝင်သောကားကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရေဖြူ PDF က မှားယွင်းပစ်ခတ်သတ်ဖြတ်မိခြင်းဖြစ်သည်ဟု ယနေ့တွင် ဝန်ချတောင်းပန်လာသည်။
ဖြစ်စဥ်မှာ ရေဖြူ PDF (YPPDF) ရဲဘော်များသည် ဖေဖော်ဝါရီ ၆ ရက်နေ့က အရပ်ဝတ်ဖြင့်လခရတပ်သားများလိုက်ပါစီးနင်းလာသော ဟိုက်ဂျက်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိုကား ၂ စီးကြားမှ ပြည်သူများ လိုက်ပါလာသည့်ကားသည် ကြားဝင်မောင်းနှင်လာသည်ကို လုံးဝ(လုံးဝ)မသိဘဲ မိုင်းဆွဲတိုက်ခိုက်မိခဲ့သည်။ အထက်ပါအကြောင်းအရာများကြောင့် ကျွန်တော်တို့ YPPDF ရဲဘော်များကိုယ်စား YPPDF တပ်ဖွဲ့တစ်ခုလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြစ်စဉ်အတွင်းပါဝင်သူများ အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်ဟု တောင်းပန်စာတွင် ဖော်ပြထားသည်။ သို့သော် ရာဖူးရွာသစ်ကျောင်းဆရာတော်နှင့် ကျောင်းကား၊ သေဆုံးဒဏ်ရာရသူများမှာ မိုင်းစထိမှန်ခြင်းမဟုတ်ဘဲ ကျည်ထိမှန်ခြင်းဖြစ်သဖြင့် YPPDF များက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ဝေဖန်မှူများ ရှိနေသည်။
ရေဖြူ PDF အဖွဲ့က အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုကို ဇန်နဝါရီ ၆ ရက်ကပြုလုပ်ရာတွင် ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ကျေးရွာ သာသနာ့ ရက္ခိတဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥက္ကဋ္ဌ (၅၉)နှစ်(ဝါတော် ၂၅ ဝါ)သည် ဘုန်းကြီးကျောင်းပိုင် ဟိုက်ဂျက် အဖြူရောင်မော်တော်ယာဉ်အား ရာဖူးရွာသစ်ကျေးရွာနေ ဦးသန်းထွေးကို မောင်းနှင်စေပြီး တပည့်၊ ဒါယိကာ/ဒါယိကာမ ၆ ဦး၊ စုစုပေါင်း ရှစ်ဦးတို့အတူ ထားဝယ်မြို့သို့ ဘုရားဖူး သွားရောက်ခဲ့သည်။
ထို့နောက် သီတင်းသုံးနေထိုင်ရာကျေးရွာသို့ ရေး-ထားဝယ်ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေ ၃ နာရီခွဲအချိန်၌ မိုင်တိုင်အမှတ် ၃၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား နှမ်းကြဲကျေးရွာအနီး အရောက်တွင် လမ်းဘေးဝဲ/ယာ တောင်ကုန်းပေါ်မှ ရေဖြူ PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ ရေဖြူ PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးယာဉ်မောင်း ဦးသန်းထွေးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မှာရပ်တန့်သွားစဉ် ရေဖြူ PDF အဖွဲ့ဝင် ၂ ဦးက တောင်ကုန်းပေါ်မှ ဆင်းလာပြီး မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အနီးကပ်ထပ်မံပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်ပေါ်ပါ ကျောင်းထိုင်ဆရာတော် ဦးဥက္ကဋ္ဌနှင့် ဘုရားဖူးလိုက်ပါလာသည့် ဒေါ်အုန်းမြ(၆၅)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးသန်းထွေး ဘုရားဖူးလိုက်ပါလာသည့် မောင်လင်းထက်ဟိန်း(၁၀)နှစ်၊ မောင်ဖုန်းပြည့်အောင် (၁၁)နှစ်၊ မနန်းနန်းမိုး(၂၃)နှစ်၊ မသင်းရနံ့လှိုင်(၁၂)နှစ်၊ မောင်စိုးသူရအောင် (၁၈)နှစ်တို့ (၆)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် သာသနာ့အနွယ်ဝင် သံဃာတော်နှင့် အပြစ်မဲ့ပြည်သူများမှာ PDF များက ဒလန်၊ သူလျှိုဟု စွပ်စွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ သတ်ဖြတ်ခံထားရပြီး PDF များ စတင်ဖွဲ့စည်းချိန်မှ ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်အထိ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ NLD ပါတီကို မထောက်ခံသူများ စုစုပေါင်း လူ ၅၅၀၀ ခန့်မှာ သူလျှို၊ ဒလန်ဟုဆိုကာ လုပ်ကြံသတ်ဖြတ်ခံထားရသည်။