၉. ၂. ၂၀၂၃
Written By Thandar
မီးမီးမွှေး Production က ရိုက်ကူးတဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်း “မြူမှုန်ဝေးဝေး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။
Location တည်ပြီးရေးတဲ့ဇာတ်လေးဖြစ်တဲ့ ဒီဇာတ်လမ်းတွဲကို လာမဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး တောင်ကြီးမှာ စတင်ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဒီဇာတ်ကားက မီးမီးမွှေးကို ပထမဆုံး တွေ့ဆုံခြင်းထဲကဆိုတော့ ကြာပါပြီ။ ဇာတ်ညွှန်းတွေရော လုပ်ပြီးမှ တောင်ကြီးမှာ ကိုဗစ်ကြောင့် ရက်တွေ့ရွေ့ရင်းကနေ မရိုက်ဖြစ်ခဲ့ဘူး။ စစ်ကိုင်းမှာ ညီမလေးတစ်ယောက် ကောက်ရထားသည် ရိုက်ခဲ့တယ်။ ကျွန်တော်ကတော့ ကျွန်တော်ရိုက်တဲ့ဇာတ်ကားတိုင်းကို ရင်ခုန်မူရှိပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ကားလေးပါ။ ဓာတ်ပုံဆရာ ကောင်လေးတစ်ယောက်ရယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးရယ်။ ဆရာဝန်မလေးတစ်ယောက်ရယ်။ ဆွေကြီးမျိုးကြီး စော်ဘွားနည်းနည်းစပ်တဲ့ တစ်ယောက်။ သူတို့ ၄ ယောက်ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ”လို့ ဒါရိုက်တာ သားညီက ပြောပါတယ်။
မိနစ် ၄၀ ပါတဲ့ အပိုင်း ၂၀ ဇာတ်လမ်းတွဲလည်းဖြစ်သလို တောင်ကြီး၊ ကလော အနီးပတ်ဝန်းကျင် ဒေသဖြစ်တဲ့ လက်ရှိခေတ်စားနေတဲ့ နေရာတွေအပြင် ရန်ကုန်မှာပါ “မြူမှုန်ဝေးဝေး” ဇာတ်လမ်းတွဲကို ၂ လကျော် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ဇာတ်လမ်း ဇာတ်ညွှန်း ကို Cloud Club က ရေးသားပြီးတော့ ဒါရိုက်တာ သားညီက ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ဘုန်းမင်းနေလ၊ ရှိင်းထက်၊ ရဲသူ၊ လီလီကျော်ခိုင်၊ စွမ်းရည်စိုးမင်း၊ နှင်းအိဝင့်ဝါ၊ အေးသန္တာဗိုလ်၊ မင်းသူ၊ စိုးမိုးကြည်၊ စွမ်းထက်အောင်၊ အာကာထွန်း စတဲ့အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။