၉. ၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ ရတနာဓာတ်ငွေ့စီမံကိန်းတွင် ၎င်းတို့ပိုင်ဆိုင်ထားသော ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ကနေဒါအခြေစိုက် MTI Energy စွမ်းအင်ကုမ္ပဏီထံ ရောင်းချရန်သဘောတူညီခဲ့ကြောင်း အမေရိကန်အခြေစိုက် Chevron စွမ်းအင်ကုမ္မဏီက ထုတ်ဖော်အတည်ပြုလိုက်သည်။
ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပြင်သစ်အခြေစိုက်စွမ်းအင်ကုမ္ပဏီဖြစ်သော Total Energies၊ အမေရိကန်အခြေစိုက် Chevron စွမ်းအင်ကုမ္မဏီ၊ ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့် မြန်မာ့ရေနံနှင်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ပြီးနောက် ပြီးခဲ့သောနှစ်တွင် အမေရိကန်အခြေစိုက်စွမ်းအင်ကုမ္ပဏီနှင့် ပြင်သစ်စွမ်းအင်ကုမ္ပဏီတို့ သည် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပါဝင်လုပ်ကိုင်မှုများကို ပြန်ရုတ်သိမ်းသွားခဲ့ပြီးနောက် လက်ရှိအချိန်တွင် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း၌ ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့သာ လုပ်ငန်းများဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။
အဆိုပါ အစုရှယ်ယာများ ရောင်းချရာတွင်မူ သဘောတူညီချက်စည်းကမ်းများနှင့် တန်ဖိုးများကိုလည်း လျှို့ဝှက်ထားမည်ဖြစ်ကြောင်း Chevron စွမ်းအင်ကုမ္ပဏီ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
Chevron စွမ်းအင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း ဖွံ့ဖြိုးတိုးတက်အောင် အဓိကအခန်းကဏ္ဍက ပါဝင်ခွင့်ရလို့ ဂုဏ်ယူပါတယ်။ ရှယ်ယာတွေကိုရောင်းချတဲ့လုပ်ငန်းစဉ်တွေထဲမှာ အလုပ်သမားဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့ကတိတွေကို အကောင်ထည်ဖော်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒေသခံအဖွဲ့အစည်းတွေကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီများထောက်ပံ့ပေးဖို့၊ စနစ်တကျနဲ့ ဘေးကင်းတဲ့ကူးပြောင်းမှုတွေ ဆက်လုပ်လုပ်ဆောင်သွားမှာပါ။ ဒေသခံအဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ကုမ္ပဏီရဲ့ကတိတွေကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တည်းက Chevron စွမ်းအင်ကုမ္ပဏီဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရယူနိုင်ဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် မြန်မာပြည်သူများရဲ့ ဘဝအရည်အသွေး ပိုမိုကောင်းမွန်စေဖို့ ကူညီပေးခဲ့တယ်” ဟုဆိုသည်။
ကနေဒါနိုင်ငံ Alberta အခြေစိုက် MTI Energy စွမ်းအင်ကုမ္ပဏီသည် ဘရာဇီး၊ အန်ဂိုလာ အပါအဝင်နိုင်ငံအချို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေပြီး ရှယ်ယာများ ရှိနေကြောင်း သိရသည်။ NGO အဖွဲ့စည်းတစ်ခုဖြစ်သော Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးသည် နစကကို ငွေကြေးများအထောက်အပံ့ဖြစ်စေသော ဓာတ်ငွေ့လုပ်ငန်းရှိ ရတနာဓာတ်ငွေ့စီမံကိန်းမှ ရှယ်ယာများကို MTI Energy စွမ်းအင်ကုမ္ပဏီထံ ရောင်းချခြင်းနှင့်ပတ်သက်ပြီး Chevron စွမ်းအင်ကုမ္ပဏီကို ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။
ref -upstreamonline
Myanmar #chevron #american #canada
mtnews #myanmar_transparency_news