၉. ၂. ၂၀၂၃
Written by Nay Aung
တရုတ်နိုင်ငံ၏ ဒေသတွင်းသြဇာလွမ်းမိုးရန် ကြိုးပမ်းမှုများကို ရင်ဆိုင်နိုင်ရန်နှင့် စွမ်းအင်အရင်းအမြစ်များကို ရယူနိုင်ရန်အတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ဆက်သွယ်မည့် (LNG) ဓာတ်ငွေ့အရည်ပိုက်လိုင်းတည်ဆောက်ရန် အိန္ဒိယနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၀၅- ၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံနှင့် ဆက်သွယ်မည့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံအစား တရုတ်နိုင်ငံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် ရွေးချယ်ခဲ့သဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ဆက်သွယ်မည့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး အစီအစဉ်ပျက်သွားခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲကြောင့် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုဖြစ်လာခြင်းနှင့် အိန္ဒိယအစိုးရ၏ အရှေ့မျှော်မူဝါဒများကြောင့် အိန္ဒိယအစိုးရသည် သုံးနိုင်ငံချိတ်ဆက်ပေးမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ပြန်လည်အသက်သွင်းရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်နီးစပ်သော အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက “မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့နိုင်ငံတို့မှာ ဓာတ်ငွေ့သိုက်အများအပြားရှိနေတဲ့အတွက် အိန္ဒိယဟာ အရှေ့ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းတည် ဆောက်မှုတွေလုပ်သွားဖို့ စီစဉ်နေတယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ဓာတ်ငွေ့တွေကိုရောင်းချဖို့ ဆန္ဒရှိသင့်တယ်” ဟုဆိုသည်။
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုက်သည် ၂၀၂၁ ခုနှစ်အထိ ၂၂ ဒသမ ၅ ထရီလီယံ ကုဗပေရှိနေပြီး တရုတ်နှင့် ထိုင်းတို့က မြန်မာနိုင်ငံထံမှ LNG ဓာတ်ငွေ့များ အဓိကရယူလျက်ရှိနေသောနိုင်ငံများဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရနှင့် ဓာတ်ငွေ့ပိုက်လိုင်းစာချုပ် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ONGC Videsh Ltd ကုမ္မဏီနှင့် GAIL ကုမ္မဏီတို့သည် မြန်မာနိုင်ငံ၏သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် A1 နှင့် A3 တို့တွင်ရှယ်ယာ ၁၇ ရာခိုင်နှုန်းနှင့် ရှယ်ယာ ၈ ဒသမ ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်း သိရသည်။ ဘင်္ဂလားဒေရှ်နိုင်ငံသည်လည်း နိုင်ငံတဝှမ်းတွင် အရန်ဓာတ်ငွေ့သိုက်တူးဖော်ရှာဖွေမှုများကို တိုးမြင့်လုပ်ဆောင်နေပြီး မကြာသေးမီက တစ်ရက်ကို ဓာတ်ငွေ့ ကုဗပေသန်း ၂၀ ထုတ်လုပ်နိုင်မည့် ဓာတ်ငွေ့သိုက်တစ်ခုကို Koilastila Gas ဓာတ်ငွေ့လုပ်ကွက်တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။
ref – pipeline-journal.