၉. ၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်းအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာပြောင်းလဲမှု၊ တရားမဝင်ကုန်သွယ်မှုများ၊ လျှပ်စစ်မီးမတည်ငြိမ်မှုများကြောင့် ကြုံတွေနေရသည့် အခက်အခဲများအား မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့ လာရောက်တင်ပြခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း (Euro Chamber of Commerce in Myanmar) မှ CEO ဖြစ်သူ Ms. Karina Ufert နှင့် အဖွဲ့ဝင်များသည် စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်စပ်လျဥ်း၍ UMFCCI ဥက္ကဋ္ဌဦးအေးဝင်းနှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
EuroCham Myanmar တွင် အသင်းဝင်ကုမ္ပဏီပေါင်း ၁၂၀ ကျော်ရှိပြီး မြန်မာနိုင်ငံ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် EuroCham Myanmar မှ သုတေသန စာတမ်း ပြုလုပ်ထားခြင်းကို တင်ပြလာခဲ့ခြင်းဖြစ်သည်။
အဓိကအခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာ ပြောင်းလဲမှု၊ လျှပ်စစ်မီး မတည်ငြိမ်မှုများကြောင့် အများဆုံးအခက်အခဲကြုံတွေ့လျက်ရှိကြောင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှုများ တိုးမြင့်လာစေရေးအတွက် သွင်းကုန်လိုင်စင် ဖြေလျော့ပေးစေရေး၊ ဗီဇာသက်တမ်းတိုးမြင့်ရေး၊ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ ကာကွယ်ပေးစေရေး၊ မှန်ကန်တိကျသည့်သတင်း ထုတ်ပြန်ချက်များ ရရှိရေး၊ သွင်းကုန်လိုင်စင်များ ရရှိမှုနည်းခြင်းတို့ကို EuroCham Myanmar မှ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးချက်များအား UMFCCI မှ တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ်ငန်းကော်မတီများထံသို့ တင်ပြပေးသွားမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထည့်သွင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း UMFCCI မှ သိရသည်။
Photo-UMFCCI