၉.၂.၂၀၂၃.
translated by Htwe Ko Tun
တူရကီနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်လှသည့် မြေငလျင်ကြောင့် ငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၉ ရက် နံနက်တွင် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံပေါင်း၌ ငလျင်ကြောင့်သေဆုံးသူ အနည်းဆုံး ၁၅,၃၈၃ ဦး အထိရှိကာ ထောင်ပေါင်းများစွာသောပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောခဲ့ကြသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်နိုင်ငံစလုံး၌ ငလျင်၏ဒဏ်ကို ဆိုးရွားစွာခံခဲ့ရသူ ပြည်သူပေါင်း ၂၃ သန်းအထိရှိမည်ဟု ခန့်မှန်းခဲ့သည်။
ငလျင်ကြောင့် သေဆုံးရသူအရေအတွက်မှာ တူရကီနိုင်ငံ၌ နာရီပိုင်းအတွင်းမှာပင် ၃,၀၀၀ ကျော်ထပ်မံမြင့်တက်လာရာ ဖေဖော်ဝါရီ ၉ ရက်နံနက်တွင် ငလျင်ကြောင့် စုစုပေါင်းသေဆုံးသူ ၁၂,၃၉၁ ဦးသို့ မြင့်တက်လာကြောင်း တူရကီနိုင်ငံ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုအေဂျင်စီက ပြောခဲ့သည်။
ဆီးရီးယားနိုင်ငံ၌လည်း အစိုးရထိန်းချုပ်ထားသောနယ်မြေများတွင် ငလျင်ကြောင့်သေဆုံးသူ ၁,၂၆၃ ဦးနှင့် နိုင်ငံအနောက်မြောက်ဖက် လက်နက်ကိုင်သူပုန်များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် White Helmets ခေါ်မြို့ပြကာကွယ်ရေးအုပ်စု၏ ပြောကြားချက်အရ ၁,၇၃၀ ဦး ရှိကြောင်းသိရရာ ဖေဖော်ဝါရီ ၉ ရက်နံနက်တွင် ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးသူ စုစုပေါင်း ၂,၉၉၂ ဦးရှိလာပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့သည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံအတွင်း ငလျင်ကြောင့်သေဆုံးရသူ စုစုပေါင်းမှာ ဖေဖော်ဝါရီ ၉ ရက်နံနက်တွင် အနည်းဆုံး ၁၅,၃၈၃ ဦး အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ်ခံရသောဒေသအတွင်း အဆောက်အအုံပေါင်းများစွာလည်းပြိုလဲခဲ့ကြပြီး အထောက်အပံ့ပေးရေးအေဂျင်စီများက လူသားချင်းစာနာမှုအထောက်အပံ့ကို မှီခိုအားထားနေရသော လူလေးသန်းကျော်နေထိုင်ရာ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသအတွက် အထူးစိုးရိမ်လျက်ရှိကြသည်။
Ref—-CNN